အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Monday, August 18, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ရေတစ်ဝက် ကုန်းတစ်ဝက်တွင် ရောက်နေ

ဓမ္မစေတီခေါင်းလောင်းကြီး ရေတစ်ဝက် ကုန်းတစ်ဝက်တွင် ရောက်နေ
===============================================
၆ ဂဏန်းကျရောက်သောရက်၌ ဆယ်ယူနိုင်မည်ဟုဆို
===============================================

စေတီခေါင်းလောင်းကြီး တွေ့ ပြီဆိုတာတကယ်လား။ ရေပေါ် ဘယ်တော့ပေါ်မှာလဲဆိုသည့် မေးသံတွေ ကို နေရာတိုင်းမှာ ကြားနေရသည်။ ယင်းကဲ့ သို့ မေးမြန်းသံများ ကြားနေရသော်လည်း တိကျသည့် အဖြေပေးနိုင်မည့်သူ တစ်ဦး တစ်ယောက်မှမရှိဘဲ မိမိထင်မြင်ချက်များ ကိုသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြော ဆိုနေကြဆဲသည်။
ခေါင်းလောင်းကို စိတ်ဝင်စား သည့် လူအချို့က ''ခေါင်းလောင်းကြီးတွေ့ တယ်ဆိုတာ လူတွေ လျှောက်ပြောနေတာ ပါ။ ရေထဲမှာတွေ့တဲ့ ခေါင်းလောင်းက ဓမ္မ စေတီခေါင်းလောင်းဆိုတာ ဘယ်သူက ဘယ် လို အတည်ပြုပေးမှာလဲ''ဟု ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဦးစံလင်းနှင့် ဦးဝင်းမြင့် ဦးဆောင် သော အဖွဲ့ဝင်များက ဆယ်ယူရေးလုပ်ငန်း များကို သြဂုတ် ၇ ရက်တွင် စတင်ခဲ့ပြီးအ ဖွဲ့ဝင်အင်အား ၇ဝ၊ ဆလုံရေငုပ်သမား ၁ဝ ဦး အသုံးပြု၍ ရန်ကုန်မြစ်လယ်တွင် ရှာဖွေ ဆယ်ယူလျက်ရှိသည်။
''ရေငုပ်သမား ၁ဝ ဦးကို ကော့ သောင်းကနေ ခေါ်ထားတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူပြီးရင် ရေတပ် စခန်းမှာ သန့်ရှင်းရေးလုပ်ပြီး ရွှေတိဂုံဘုရား ပေါ်မှာ ထားဖို့ရှိပါတယ်''ဟု ဦးစံလင်းက ပြောသည်။
ဓမ္မစေတီခေါင်းလောင်း ဆယ် ယူခြင်းအား စောင့်ကြည့်သူ များပြားနေပြီး ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးကို လူ တိုင်း စိတ်ဝင်စားလာကြသဖြင့် ဆယ်ယူ ရေးအခြေအနေကို သိရှိရန် ဆယ်ယူရေး လုပ်ငန်းခွင်ရှိရာသို့ နေ့စဉ်သွားရောက်ကြည့် ရှုနေသူများလည်း ရှိနေကြောင်း သိရသည်။
''ကျွန်တော်က ဒေါပုံမြို့နယ်က ပါ။ ဆယ်ယူတဲ့အချိန်ကစပြီး ကြည့်တယ်။ ၉ ရက်ကစပြီး မနက်တစ်ခေါက် ညနေတစ် ခေါက် လာကြည့်ပါတယ်။ ခေါင်းလောင်း ကြီးကိုတွေ့ရင်တော့ အတိုင်းထက် အလွန် ပေါ့၊ ဝမ်းသာတာပေါ့။ ကျွန်တော့်အထင် ပေါ်ဖို့ ရာခိုင်နှုန်း၅ဝပဲ'' ဟု ဓမ္မစေတီခေါင်း လောင်း ဆယ်ယူရေးကို စောင့်ကြည့်နေသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း မှ စက်မှုကျွမ်းကျင်(ငြိမ်း)ဦးမြရွှေက ပြော သည်။
ခေါင်းလောင်းကြီး ပေါ်လာနိုး ဖြင့် ခေါင်းလောင်းဆယ်ယူရေးနှင့် အနီးစပ် ဆုံးနေရာဖြစ်သည့် ရန်ကုန်မြို့ သာကေတ မြို့နယ် ရှုခင်းသာ ပန်းခြံအနီး အေးရှားပွိုင့် ဘိုးလင်းစင်တာဝင်းအတွင်းသို့ သွားရောက် သူများ တစ်နေ့တခြား များပြားနေသည်။
''တစ်နေ့ကို လာလိုက်သွားလိုက် နဲ့ လူတွေ ထောင်ချီရှိတယ်။ အခုခြောက် ရက်မြောက်ရှိပြီ။ ရှစ်ရက်ပဲကျန်တော့တယ်။ သူတို့က သုံးထပ်သင်္ဘောပေါ်မှာ နေကြ တယ်။ ရေထဲကို သွားလို့တော့ရတယ်။ မှတ် တိုင်အမည်းရောင်ကို ကျော်လို့မရဘူး'' ဟု ဦးမြရွှေက ဆက်လက်ပြောသည်။
ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေးကို စိတ်ဝင်စားသူများထဲတွင် သံဃာ တော်များလည်း ပါဝင်နေပြီး ဆယ်ယူရေး လုပ်ငန်းများကို လာရောက်ကြည့်ရှုကြသည်။
''စိတ်ဝင်စားလို့ လာကြည့်တာ ပါ။ ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ဆယ်မှာ လဲဆိုတာကို ဓမ္မစေတီခေါင်းလောင်းကြီးကို အဖွဲ့အစည်းပေါင်းစုံက ဆယ်ခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။ ဒီအဖွဲ့က တော်တော် လေး ကျိန်းသေပုံစံနဲ့ပြောလို့ လာကြည့်တာ ပါ။ ဓမ္မစေတီခေါင်းလောင်းက သမိုင်းအရ တကယ်ရှိခဲ့တာ။ အခု ဆယ်လို့ ရ၊ မရတော့ မသိဘူး။ ခေါင်းလောင်းကြီး ဆယ်ပြီးရင် သာသနာတော်အတွက်တော့ ထူးခြားမှု မရှိ ပေမယ့် မြန်မာတစ်နိုင်ငံလုံးအတွက် အကျိုး ရှိပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးကို ရွှေတိဂုံပေါ် ပြန်ထားနိုင်ရင် မြန်မာ့သမိုင်း ပိုခိုင်မာသွားမယ်'' ဟု ငါးဆူတောင် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ရတက်ချိန် ရေလယ်အထိ သွား ကြည့်ပါက အန္တရာယ်ရှိနိုင်ပြီး ယခုကာလ သည် မိုးများသော မိုးရာသီအချိန်ဖြစ်သော ကြောင့် ဆယ်ယူရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် ရန်ကုန်မြစ်အလယ်သို့ သွား ရောက်ကြည့်ရှုသူများမှာ အန္တရာယ်နှင့် ကြုံ တွေ့နိုင်ကြောင်း သိရသည်။
''အန္တရာယ်တော့ များတယ်။ ရေ လယ်ကို သွားမကြည့်သင့်ဘူး။ အန္တရာယ်ဆို တာ မြင်ရတဲ့ လေဒဏ်၊ လှိုင်းဒဏ်တွေ ရှိ သလို မမြင်ရတဲ့ အန္တရာယ်တွေလဲရှိနိုင်တယ်။ ပေးဆပ်မှုတွေ ရှိနိုင်တယ်။ လုပ်ငန်းအောင် မြင်ခါနီးအချိန်ဆိုရင် အဖျက်အမှောင့်တွေ ရှိနိုင်တယ်။ ရေလယ်ကို သွားခွင့်မပြုသင့် ဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးကို လေ့ လာကြည့်ရှုနေသော ဆရာတော်တစ်ပါးက မိန့်ကြားသည်။
လက်ရှိအချိန် မိုးရာသီကာလ တွင် ရန်ကုန်မြစ်အတွင်း လေတိုက်နှုန်းမှာ လည်း ပြင်းထန်ကာ သမ္ဗန်စီးသူများအား လှိုင်းလုံးများ ရိုက်ခတ်ခြင်း၊ သမ္ဗန်လူးခြင်း ခံရသည်။
''ရေလယ်ကို သွားကြည့်တာ ကြောက်ဖို့ အရမ်းကောင်းတယ်။ လှိုင်းလူး ပြီး မျက်နှာကို ရေတွေစင်တယ်။ လေတွေ တအားတိုက်တယ်။ မိုးရွာတဲ့အချိန်ဆို ပို ဆိုးမယ်။ အန္တရာယ်များတဲ့အတွက် မသွား သင့်ပါဘူး။ သမ္ဗန်တစ်ခါစီးရင် တစ်ယောက် ကို ကျပ် ၁ဝဝဝ ကျပါတယ်''ဟု ရေလယ် အထိသွားခဲ့သူ အမျိုးသမီးတစ်ဦးက ပြော သည်။

 ခေါင်းလောင်းဆယ်ယူမှုအခြေအနေ
*************************

လူတိုင်းစိတ်ဝင်စားနေသည့် ဓမ္မစေတီခေါင်း လောင်းနှင့် ပတ်သက်၍ အခြေအနေကို သိရှိနိုင်ရန် ဆယ်ယူရေးအဖွဲ့များကို သြဂုတ် ၁၄ရက်က ဆက်သွယ် မေးမြန်းခဲ့သည်။
''သြဂုတ် ၇ရက်ကစတယ်ဆိုပေမယ့် တကယ် ကောင်းကောင်းလုပ်ဖြစ်တာက ၁၁ရက်က လုပ်ငန်းစ ဖြစ်တာပါ။ ခေါင်းလောင်းကြီးဆယ်ယူနိုင်ဖို့ ရှာဖွေရေး လုပ်ငန်းတွေလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အဖွဲ့ ဝင်၇ဝလောက်ရှိတယ်။ ရေငုပ်သမားက ၁ဝ ယောက်ရှိ ပါတယ်'' ဟု ဆယ်ယူရေးအဖွဲ့မှ ဦးဝင်းမြင့်(ရွှေအုန်းပင်) က ပြောသည်။
ခေါင်းလောင်းဆယ်ယူနိုင်ရန်အတွက် ယခု လရာသီသည် ကြာသပတေးအိမ်ထိုင်နေသောကြောင့် ဆယ်ယူနိုင်ရန် အခွင့်အလမ်းများကြောင်းလည်း ယင်း က ဆိုသည်။
''အခုချိန်က ကရကဋ်ရာသီ၊ ကြာသပတေး အိမ်ထိုင်နေတာကြောင့် တိုင်းပြည်အတွက် ကောင်းတဲ့ နိမိတ်ပဲ။ ခေါင်းလောင်းကြီးပြန်ပေါ်နိုင်တဲ့ အခြေအနေ ဖြစ်တယ်။ ဦးက ကံတရားကို အားထားတယ်။ ပြည်သူ တွေရဲ့မေတ္တာ များများလိုချင်တယ်။ ဒါပြည်သူပိုင်ပစ္စည်း ဖြစ်တယ်။ နာမည်၊ ဂုဏ်လိုချင်လို့ လုပ်တာမဟုတ်ပါဘူး။ လူမျိုးစွဲလဲမရှိပါဘူး။ မွန်ခေါင်းလောင်းက ပြည်သူအား လုံးနဲ့ဆိုင်တယ်''ဟု ဦးဝင်းမြင့်က ဆက်လက်ပြောသည်။
ခေါင်းလောင်းတည်ရှိမည့်နေရာကို ရေတပ် တွင် တာဝန် ထမ်းဆောင်ဖူးသောဦးစံလင်းက ခန့်မှန်းနိုင် ခဲ့ပြီး ယခုအခါ ခေါင်းလောင်းတည်နေရာ အတိအကျ ကို သိရှိနိုင်ရန် ရေငုပ်သမားများက ပြန်လည်ရှာဖွေနေ ခြင်းဖြစ်သည်။

ပညာရှင်များ၏သုံးသပ်အကြံပေးချက်များ
****************************
ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ရေ ကြောင်းပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ရှေးဟောင်း သုတေသနပညာရှင်များ၊ ဂမ္ဘီရပညာရှင်များနှင့် အကြား အမြင်ပညာရှင်များကလည်း ယခုလို အကြံပြုသုံးသပ် ထားသည်။
''ကျွန်တော်ကတော့ စပိန်နိုင်ငံသားတစ်ဦး ပါ။ ရေငုပ်ကျွမ်းကျင်ပြီး ဒါနဲ့ပတ်သက်ပြီးလဲ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ ကျွန်တော်ပြောချင် တာ ရေအောက်မှာရှိတဲ့ ခေါင်းလောင်းကြီးကိုရှာဖို့ ဂျီပီ အက်စ်ပါတဲ့စက်ကိရိယာကို ရေအောက်ထဲချပြီး အဲဒီ စက်မှာ ရှာတွေ့တော့မှ ရေငုပ်သမားတွေ ဆင်းရှာသင့် တယ်လို့ထင်ပါတယ်။ အဲဒီလိုမျိုးမဟုတ်ဘဲ ဒီအတိုင်းရှာ နေမယ်ဆိုရင်တော့ အချိန်တွေကြာဦးမှာပဲ။ ကျွန်တော် ဒီကိုလာကြည့်တယ်ဆိုတာကလဲ ကျွန်တော် ဘာများကူ ညီပေးနိုင်မလဲဆိုတာ လာကြည့်တာပါ'' ဟု ရေငုပ်ကျွမ်း ကျင်သူ စပိန်နိုင်ငံမှ Mr. Pablo Lawyel ကပြောသည်။
ရှေးဟောင်းသုတေသနပညာရပ်တွင် ရေ အောက်ရှေးဟောင်းရှာဖွေရေး သုတေသနပညာရပ် တစ်ခုရှိကြောင်း သိရသည်။ မြန်မာသမိုင်းအဖွဲ့ဝင် မွန် တိုင်းရင်းသား ရှေးဟောင်းသုတေသနပညာရှင်ဦးချစ်စံ ဝင်းက ''ရှေးဟောင်းသုတေသနပညာမှာ ရေအောက်ရှေး ဟောင်းသုတေသန ရှာဖွေရေးပညာရှိတယ်။ အဲဒါက ရှေးဟောင်းပစ္စည်းရှိတယ်လို့ ယူဆရတဲ့ ရေပြင်ပတ်လည် ကိုသံပြားရှည်တွေနဲ့ စက်ဝိုင်းပုံကာရံပြီး အလယ်ကရေ တွေကို စုပ်ထုတ်ရတယ်။ ရေတွေကုန်ပြီဆိုတော့မှ မြေ သားပေါ်လာမယ်။ အဲဒီမြေသားကို ထပ်တူးလိုက်ရင် တော့ ရေအောက်မှာ ရှိတဲ့ပစ္စည်းတွေကို သုတေသနပြု လို့ရပါပြီ။ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူလို့ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ မွန်သမိုင်းကတော့ ပြောင်းလဲ သွားမှာမဟုတ်ဘူး''ဟု ပြောသည်။
သမိုင်းပညာရှင်ဦးချစ်စံဝင်းက ''ခေါင်းလောင်း ဆယ်ယူရေးမှာ ယဉ်ကျေးမှုဝန်ကြီးဌာနလဲ ပါသင့်တယ်။ သမိုင်း၊ ရှေးဟောင်းစတဲ့ ပညာရှင်တွေပါတဲ့ အဖွဲ့တစ်ခု လဲ ဖွဲ့စည်းပြီး ခေါင်းလောင်းဆယ်ယူရေးမှာ ပါဝင်သင့် တယ်''ဟု သုံးသပ်သည်။
ခေါင်းလောင်းဆယ်ယူရေးကို မွန်တိုင်းရင်း သားများက မကန့်ကွက်သော်လည်း ဆယ်ယူပြီးနောက် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
''မွန်တွေစိုးရိမ်တာက ဆယ်ပြီးတော့မှ မွန် ပစ္စည်းမဟုတ်ဘူးလို့ ပြောမှာ စိုးရိမ်တာ။ နောက်ထပ် စိုး ရိမ်တာတစ်ခုက ဓမ္မစေတီခေါင်းလောင်းကြီးကို ရွှေတိ ဂုံကုန်းတော်ပေါ် ပြန်ရောက်ပါ့မလားလို့ စိုးရိမ်ပါတယ်'' ဟု မွန်တိုင်းရင်းသားသမိုင်းပညာရှင် ဦးနိုင်မောင်တိုး က ပြောသည်။
ယခုအချိန်ကာလသည် ဓမ္မစေတီခေါင်း လောင်းဆယ်ယူရန်အတွက် အတိတ်နိမိတ်ကောင်းမွန် ကြောင်းလည်း ဂမ္ဘီရပညာရှင်ထံမှသိရသည်။
''ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးနဲ့ ပတ် သက်လို့ ဆရာ့ရဲ့ ဂမ္ဘီရအမြင်အရဆိုရင်တော့ နိမိတ် ကောင်းတာ တွေ့ရတယ်။ မျှော်လင့်ချက် များတယ်။ ရှာ ဖွေရေးမှာ အမျိုးသမီးတစ်ဦးပါရင် ပိုနီးစပ်မယ်။ ပိုအောင် မြင်မယ်။ တားရော့ပညာနဲ့ နိမိတ်ဖတ်တော့ တွေ့မယ့် နိမိတ်ရှိတယ်။ ရေတစ်ဝက် ကုန်းတစ်ဝက်မှာရှိနေတယ်။ ရောက်နေတယ်။ မြို့နယ်နှစ်ခုကြား၊ ရပ်ကွက်နှစ်ခုကြား မှာ ရောက်နိုင်ပါတယ်။ ၆ ဂဏန်း၊ ၆ လပိုင်း၊ ၆ ရက်၊ ဂဏန်းနှစ်ခုပေါင်း ၆ ရတဲ့ရက်တွေမှာ ခေါင်းလောင်း ပေါ်လာနိုင်တယ်။ အခု ခေါင်းလောင်းဆယ်ယူတဲ့နေရာ ကိုသွားဖို့ရှိတယ်။ မေတ္တာပို့ပေး၊ ဆုတောင်းအားပေးဖို့ သွားမှာပါ။ ကမ္ဘောဇအိုးစည်ဝိုင်းနဲ့သွားမယ်'' ဟု ဂမ္ဘီရ ပညာရှင် ဆရာဇင်ယော်နီက ပြောသည်။
ခါင်းလောင်းဆယ်ယူရေးနှင့်ပတ်သက်၍ ဆရာဇင်ယော်နီက
''ခေါင်းလောင်းကြီးက တိုင်းပြည်ရဲ့ အရေးကြီးတဲ့ သမိုင်းတစ်ခုပေါ့ဗျာ။ သာသနာရေးနဲ့ဆိုင် တဲ့သမိုင်းဖြစ်တယ်။ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး က နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရက ဦး ဆောင်ပြီးလုပ်သင့်တယ်။ အစိုးရက လုပ်ဆောင်ပေးမယ် ဆိုရင်တော့ ငွေအား၊ လူအား၊ နည်းပညာ အားတွေ ရရှိ နိုင်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေက လုပ်ရင်တော့ မပြည့်စုံမှုတွေရှိနိုင်တယ်'' ဟု သုံးသပ်ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်းသမိုင်း
*********************
ဓမ္မစေတီခေါင်းလောင်းကြီးကို ဓမ္မစေတီမင်း မှ (ခရစ်နှစ်၁၄၇၁-၁၄၉၂)တွင် လှူဒါန်းထားခြင်းဖြစ် သည်။ ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၆တွင် မွန် ပညာရှိအမတ်ကြီး ဗညားအိမ်ကိုသွန်းလုပ်ရန် တာဝန် ပေးခဲ့သည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ကြေးပိဿာ ချိန် ၁၈ဝဝဝဝ ရှိကာ ဇောက်၁၂တောင်၊ အဝရှစ် တောင်ရှိကြောင်း သမိုင်းပညာရှင်များ ၏ပြောကြားချက် အရ သိရသည်။
ခါင်းလောင်းကြီးသွန်းပြီး နောင်နှစ်ပေါင်း ၁၃၂ နှစ်ခန့်ကြာသောအခါ ခရစ်နှစ် ၁၆ဝ၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို(ငဇင်ကာ)သည် အ မြောက်ပြုလုပ်ရန် ရွှေတိဂုံစေတီရင်ပြင်တော်မှ ဓမ္မစေ တီခေါင်းလောင်းကြီးကို ယူဆောင်သွားရာ သန်လျင်သို့ မရောက်မီ ပုဇွန်တောင်ချောင်းဝအရောက် သင်္ဘောဝမ်း ဗိုက်ကွဲပြီး ဓမ္မစေတီခေါင်းလောင်းကြီးသည် ထိုအချိန် မှစ၍ ရန်ကုန်မြစ်အတွင်း နစ်မြုပ်ပျောက်ကွယ်သွား ကြောင်းသိရသည်။

သုံးသပ်ချက်
*********
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးမှာ စိတ် ဝင်စားမှု အမြင့်ဆုံးရောက်ရှိလာပြီး လက်ရှိအချိန်တွင် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းစဉ်များထက် ခေါင်း လောင်းရှာဖွေရေးလုပ်ငန်းများသာစတင်လုပ်ဆောင် နေဆဲဖြစ်ကြောင်း၊ ပြည်သူအများ
မျှော်လင့်နေသော ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိ ဆယ်ယူနိုင်ရန် နိုင်ငံ တော်အစိုးရ၏ အားပေးဆောင်ရွက်ပေးမှုများကို မျှော် လင့်လျက်ရှိကြောင်း သိရသည်။

Flower News Journal အတွဲ (၁၀)၊ အမှတ် (၃၂)။

No comments:

Post a Comment

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...