အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Tuesday, July 31, 2012

စိတ်ငြိမ်းချမ်းမှုရဖို့ အခြေခံအချက်များ

                       စိတ်ငြိမ်းချမ်းမှုရဖို့ အခြေခံအချက်များ

(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။
ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။

ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။

(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။

ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။

(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။

Monday, July 30, 2012

အပေါ်ကိုဘဲကြည့်ပါ (နှလုံးသားအာဟာရ)

ဟို........ရှေးခေတ်

ရွက်သင်္ဘောကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ ခေတ်က. . . . တနေ့မှာ. . . . . ပင်လယ်ထဲမှာ
သင်္ဘောတစင်းဟာ မုန်တိုင်းမိနေပါတယ်။ဒီအချိန်မှာ သင်္ဘော ကပတိန်က သင်္ဘောသား လူငယ်လေးတဦးကို ရွက်မတိုင်ကြီး
ပေါ်တက်ပြီး(ရွက်တိုင်ကိုခုတ်ဖြတ်မှ ဖြစ်တော့မယ်)လို့ပြောတော့ လူငယ်လေးဟာ ရွက်တိုင်ကြီးပေါ်ကို ချက်ချင်းတက်သွားပြီး
၇ွက်တိုင်ကို ဖြတ်ပါတယ်။လေက သိပ်ထန်လို့နေပေမဲ့ သင်္ဘေား လူငယ်ဟာ ရဲရဲဝံ့ဝံ့ သွက်သွက်လက်လက်ပဲ ရွက်မတိုင်ကြီး     ပေါ်ကိုတက်သွား ပြီးရွက်ကြိုးတွေကိုဖြုတ်လိုက်ပါတယ်။ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကိုငုံ့ကြည့်လိုက်တော့.............
သဘောင်္တစ်စင်းလုံးဟာ ဒေါသထန်နေတဲ့ လှိုင်းလေတွေ ထဲမှာ ရပ်တည်ရာမရ လးလိမ့်နေတာမြင်ရတယ်။
ဒါကိုအပေါ်စီးကနေမြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့် နဲ့
မူးမိုက်မေ့သလိုဖြစ်သွားတယ်။ဒါနဲ့သင်္ဘောကုန်းပတ်ပေါ်ကသူ့သူငယ်ချင်းဆီလှမ်းပြီး“ဟေ့.....ငါတော့လိမ့်ကျတော့မယ်၊လုပ်
ပါအုံး” လှို့ လှမ်းအော်ပြောလိုက်တယ်။
ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့ သူငယ်ချင်းက “အောက်ကိုမကြည့်နဲ့ သူငယ်ချင်း၊ ငုံ့မကြည့်နဲ့၊ အပ်ါကိုဘဲ
ကြည့်”လို့ တအားကုန် လှမ်းအော်ပြီး သတိပေးလိုက်တယ်။
ဒီအခါမှာလူငယ်ဟာ သူ့ သူငယ်ချင်းသတိပေးတဲ့ အတိုင်း အပေါ်ကိုပဲကြည့်ဖို့ မျက်နှာမူထားတယ်။ဒီအခါ
မှာအောက်ကမူးဝေ ထိတ်လန့်စရာ မြင်ကွင်း တွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်၊စိတ်ငြိမ်လာတယ်၊အားမာန်
သတ္တိလဲ ပြန်ဝင်လာတယ်။ဒီတော့မှ သင်္ဘောသား လူငယ်ဟာ ရွက်မတိုင်ကြီး ပေါ်ကနေ သတိဝီရိယထားဆင်းယင်း သင်္ဘော
ကုန်းပတ်ပေါ်ကို အော်မြင်စွာပဲ ရောက်လာတယ်။
(နန္ဒသိန်းဇံ)

ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
ဒီလိုပါဘဲ ကျွန်တော်တို့ဘ၀တွေမှာ အဆင်မပြေနိုင်တာတွေ၊ကျရှုံးတာတွေ၊မျှော်လင့်သလို ဖြစ်မလာတာ
တွေကို တွေ့မြင်ဆုံဆည်းနေရတဲ့ အခါမှာ ရှေ့ဆက်ပြီး ကြိုးစားချင်စိတ် ကုန်သွားတတ်ပါတယ်၊အားမာန် သတ္တိလျှော့ကျ  သွားတတ်ပါတယ်။
“ငါကတော့ ဒီအခြေအနေက ကျော်နိုင်တော့မှာ မဟုတ်ပါဘူး၊ကျပါပြီ၊ရှုံးပါပြီ၊ဒီဘ၀တော့ ဒီမျှနဲ့ပဲ ပြီးပါပြီ”
ဆိုတဲ့ အားလျှော့စရာတွေကိုပဲ အားလျှော့မှုတွေဖြစ်တတ်ပါတယ်။ဒီလို အားလျှော့မှုတွေကိုဘဲ ပြန်ကြည့်နေ.... ငုံကြည့်နေ
ယင်တော့ ပိုပိုပြီးအားလျှော့မိ၊စိတ်ပျက်မိတာကလွဲလို့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါဘူး။
ဒီိတော့ဘယ်လို အဆင်မပြေတာတွေနဲ့ပဲ ကြုံနေ ကြုံနေ ဒါတွေကို ပြန်ပြန် ငုံ့ငုံ့ကြည့်မနေပဲ ကိုယ်မျှော်
လင့်ထားတဲ့၊မြင့်မြင့်မားမားချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုဘဲ ကြည့်ပြီး သတိဝီရိယတွေနဲ့ လုပ်သင့်တာတွေကို ဆက်လုပ်ဖို့
လိုမှာပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်
မောင်မျိုးမင်း

ခင်မင်လေးစားလျက်...

ဝေလင်းကျော်

အေးချမ်းစွာရှင်သန်ခြင်း

အေးချမ်းစွာရှင်သန်ခြင်း♥♥
တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊

သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့်၊

အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး

ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက

"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင် မဟုတ်လေတော့

အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့ ထင်းရှူးပင်ကြီးက

ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ" လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။

အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။ စပျစ်ပင်ကြီးကလည်း

သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊

အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို သေလုမျောပါး ဖြစ်သွားရတာပဲ"

လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ အပင်လေးတစ်ပင်ကို တွေ့တယ်။

Friday, July 27, 2012

နောင်တကင်းရာသို့ (နန္ဒသိန်းဇံ)

                                         နောင်တကင်းရာသို့ (နန္ဒသိန်းဇံ)
 
(၁)
သူပြောနေတဲ့ အကြောင်းအရာကို ကြားဖူးပြီးဖြစ်ပေမဲ့  သူ့ ဇာတ်အခင်းအကျင်းက မူရင်းနှင့် အတန်ငယ် ကွဲလွဲနေတဲ့ အတွက် ကျွန်တော်က နားစိုက်ထောင်နေပါတယ်။ သူ့ဇာတ်အခင်းအကျင်းက ဒီလိုပါ။
သဲကန္တာရကြီးကို ဖြတ်ကျော်ပြီး ခရီးသွားကြမည့် ခရီးသည်တစ်စုဟာ နေ့ အချိန်မှာ ပူပြင်းလွန်းတဲ့ အတွက် အပူသက်သာတဲ့ နေရာတစ်ခုမှာ နားနေကြတယ်။ သူတို့က ညပိုင်းလထွက်လာတဲ့ အချိန်မှ ခရီးဆက်မယ်လို့ သဘောတူထားကြတယ်။
လထွက်လာတဲ့ အချိန်မှာ ခရီးသည်တွေက ခရီးထွက်ဖို့ ပြင်ဆင်ကြတယ်။ အဲဒီ ခရီးသည်တွေထဲက လူငယ်တစ်ဦးဟာ ခရီးမဆက်ခင် ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရနေတဲ့  သူ့ရဲ့ ကုလားအုပ်ကို ကောင်းကောင်းသွားနိုင် မသွားနိုင် စမ်းသပ်တဲ့ အနေနဲ့ အနီးဝန်းကျင်ကို လှည့်ပြီးမောင်းကြည့်တယ်။ ခပ်လှမ်းလှမ်းအရောက်မှာ တွင်းကြီးတစ်တွင်းကို တွေ့ တယ်။
ဒါနဲ့ ကုလားအုပ်ပေါ်ကဆင်းပြီး တွင်းကြီးထဲ ငုံ့ကြည့်လိုက်တော့ လရောင်ကြောင့် ပြိုးပြိုးပျက်ပျက်လင်းလက်နေ တဲ့ အရာတွေကို တွင်းကြီးအောက်ခြေမှာ မြင်နေရတယ်။ ဒီလူငယ်က အဲဒီ ပြိုးပြိုးပျက်ပျက် အရာတွေဟာ
အင်မတန် တန်ဖိုး ရှိတဲ့ စိန်တုံးတွေ၊ ကျောက်သံပတ္တမြားတွေလို့ ထင်နေတယ်။
ဒါကြောင့် ကုလားအုပ်ပေါ်ပြန်တက်ပြီး သူ့ လူတွေဆီကို အမြန်ပြန် လာပြီး တွင်းကြီးထဲက အရာတွေအကြောင်း၊ အဲဒီ တွင်းထဲဆင်းဖို့  ရသမျှကြိုးတွေ ယူခဲ့ဖို့ အကြောင်းပြောတယ်၊ ရသမျှကြိုး တွေယူပြီး တွင်းကြီးဆီကို သွားကြတယ်။ စောစောက လူငယ်ဟာ ရသမျှကြိုးတွေကို ဆက်ပြီး အရင်အဦးတွင်းကြီးထဲကို ဆင်းတယ်။ တွင်းက
ထင်ထားတာထက် ပိုပြီးနက်နေတော့ ကြိုးက အောက်ကို မရောက်ဘူးဖြစ်နေတယ်။ ဒါနဲ့ အပေါ်ကလူတွေက ကြိုးစားပြီး ကြိုးကိုဆက်တယ်၊ နောက်ဆုံးမှာ မိမိတို့ ဝတ်ဆင်ထားတဲ့ အ၀တ်အစားတွေကိုပါ ကြိုးအဖြစ် အသုံးပြုကြတယ်။
မကြာခင် စောစောက လူငယ်ဟာ တွင်းအောက်ခြေကိုရောက်တယ်၊ ရောက်တော့မှ သူထင်ထားတာနဲ့
တကယ့်လက်တွေ့ ဟာ တခြားစီဖြစ်နေတာကို တွေ့ ရတယ်။ တကယ်က လရောင်ကြောင့် သူမြင်ခဲ့ရတဲ့ ပြိုးပြိုးပျက်ပျက် အရာတွေဟာ စိန်တုံးတွေ မဟုတ်ဘဲ လရောင်ကြောင့် လင်းလက်နေတဲ့ မြွေမျက်လုံးတွေဖြစ်နေတာတဲ့ ။
ဧရာမမြွေကြီးတွေ တွင်းရဲ့ အောက်ခြေမှာ စုပြုံနေကြတာတဲ့။ အပေါ်ကနေပြီး တွင်းထဲကို ငုံ့ ကြည့်နေသူတွေကလည်း
အဲဒီ မြွေမျက်လုံးတွေကို တကယ့် စိန်တွေလို့ ထင်ပြီး ဆင်းဖို့ တကဲကဲ လုပ်နေကြတယ်။ အောက်ရောက်သွားတဲ့ လူငယ်က အပေါ်ကလူတွေကို “ဟေး မဆင်းကြ နဲ့ … စိန်တွေမဟုတ်ဘူး၊ မြွေတွေ … မြွေတွေ…” လို့ လှမ်းအော်ပြောတယ်။

Monday, July 23, 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း



အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့ .......

Sunday, July 22, 2012

မှန်သောစကားကို ဆိုခြင်း(နန္ဒသိန်းဇံ)

 မှန်သောစကားကို ဆိုခြင်း

မိမိ အကျိုးစီးပွားကို ပျက်စီးအောင်ဆိုပြီး မသမာသူတွေက လုပ်ကြံဖန်တီးထားတဲ့ အခြေအနေမျိုးကို မြင်နိုင်ဖို့ဟာ ခက်လှပါတယ်။ အဲဒီ အခြေအနေမျိုးမှာ စကားဆိုဖို့ ခက်မှာပါ။ အပြစ်မရှိဘဲနဲ့ အပြစ်ရှာ ၊ အကြောင်းမရှိဘဲနဲ့ အကြောင်းရှာပြီး ကိုယ့်ကို ဖျက်ဆီးဖို့ ကြိုးစားနေသူမျိုးကို စကားဆိုရမှာ သိပ်ခက်ပါလိမ့်မယ်။

တစ်ခါတုန်းက ဆိတ်တစ်ကောင်ဟာ အဖော်တွေနဲ့ကွဲပြီး ကျန်ခဲ့ရှာပါတယ်။ အဖော်တွေနောက်ကို လိုက်မယ်လဲ လုပ်ရော သူ့ရှေ့မှာ ကျားသစ်တစ်ကောင် သူ့ကို စားဖို့ စောင့်နေတာ တွေ့ရတယ်။ ဆိတ်ဟာ ချောင်ပိတ်မိနေတော့ ပြန်လှည့်ပြီး ပြေးဖို့ မတက်နိုင်ဘူးဖြစ်နေတယ်။

ကျားသစ်ကို သာသာယာယာ တောင်းပန်စကား ဆိုရင်း အသက်ဘေးက လွတ်လေမလားလို့ ဆိတ်ကတွေးပြီး
"ဦးရီး . . ဦးရီး ကို အမေက နေကောင်းရဲ့လား ၊ ကျန်းမာရဲ့လား လို့မေးလိုက်ပါသေးတယ်။ ကျွန်တော့အမေက ဦးရီးကို အင်မတန် ကျန်းမာချမ်းသာစွာနဲ့ရှိနေတာကို မြင်ချင်နေသူပါ ။ကျွန်တော်ကလဲ ဦးရီးကို ကိုယ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံတာကို မြင်ချင်ပါတယ်" လို့ ဆိုတယ်။

ဒီလိုဆိုတဲ့စကားကို ကြားရတဲ့အခါမှာ ကျားသစ်က "အင်း ဒီဆိတ်က ငါ့ကို ဦးရီးတဲ့ ၊ ငါ့ကို အချိုသတ်ပြီး လှည့်စားနေပြီ " ဒီလိုတွေးပြီးတော့ . . .
"ဘာအခုမှ ငါ့ကို ဦးရီးလဲ ၊ ငါ့အမြီးကို စောစောက နင် တက်နင်းသွားတယ် ။ ဘယ်လောက် ငါ့မှာခံလိုက်ရတယ်မှတ်လဲ။ ခုမှ ငါ့ကို ဦးရီး ၊ ဘာညာနဲ့ မျက်နှာချိုသွေးမနေနဲ့ ၊သေပြီသာမှတ် " လို့ ကျားသစ်က ဆိတ်ကိုသက်သက်မဲ့ အပြစ်ရှာစကားဆိုတယ်။ ဒီလို အပြစ်ရှာ စကားဆိုတော့ ဆိတ်က

"ဦးရီး . . . ဦးရီး ဒီလိုမပြောပါနဲ့ ၊ ဦးရီးက အရှေ့ဘက်ကို မျက်နှာပြုပြီးနေတယ် ၊ ကျွန်တော်က ဦးရီးရှေ့က လာတာ ၊ ကျွန်တော် ဘယ်လိုလုပ်ပြီး ဦးရီးအမြီးကို နင်းမိမှာလဲ" လို့ ပြောတော့ ကျားသစ်က . . .

ဖန်တွတွ (နန္ဒသိန်းဇံ)

ဖန်တွတွ

 ကျောင်းဖွင့်စ...
        အသစ်ရောက်လာကြသော ကျောင်းသူ ကျောင်းသားများကို သက်ဆိုင်ရာဌာနများက ကြိုဆိုပွဲ လုပ်ကြသည်။ထို့နောက် ကျောင်းတော်သူ ကျောင်းတော်သားကြီးများ ပီသအောင် မည်ကဲ့သို့ စာကြိုးစားသင့်ကြောင်း မည်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ရမည်ဖြစ်ကြောင်း အကြံပြုချက်များ သြ၀ါဒများပေးကြပါသည်။
      ထို့နေ့အခမ်းအနား၌ အကြံပြုရန် သြ၀ါဒပေးရန် သူ့ အလှည့်ကျလာသောကြောင့် စကားပြောရာ စင်မြင့်သို့ သူတက်လာပါသည်။သူတက်လာပုံကိုကြည့်ရင်းက ရှေးဂရိခေတ်က ဆိုဖီဆရာကြီးတစ်ဦးအကြောင်းကို အမှတ်ရနေပါသည်.
              ထိုဆိုဖီဆရာကြီးကို တစ်ဦးသောသူက.....
        `ဆရာကြီးခင်ဗျား၊ လောကမှာ အခက်အခဲဆုံးပညာဟာ ဘာပါလဲ` ဟု မေးသည်၊ ထိုအခါ ဆရာကြီးက...
      `မိမိကိုယ်မိမိ သိနားလည်ခြင်းဖြစ်သည်` ဟုဖြေသည်၊ ထိုအခါ မေးသူက..
                            `လောကမှာ အလွယ်ဆုံးပညာကတော့ ဘယ်လိုပညာများပါလဲ` ဟု ထပ်မေးသော အခါ ဆိုဖီဆရာကြီးက..
  `လောကမှာ အလွယ်ဆုံးပညာဆိုတာ သြ၀ါဒပေးခြင်းဖြစ်တယ်` ဟု ဖြေလိုက်သည် ဟု ဆိုပါသည်။
             သြ၀ါဒပေးရသည်မှာ လွယ်ကူသဖြင့် သြ၀ါဒတွေ တစ်ထွေးတစ်ပွေ့ပေးတက်ကြသည်။ သြ၀ါဒတွေ ပေးနေသော်လည်း သြ၀ါဒပေးသူကိုယ်တိုင်က သူ့သြ၀ါဒအတိုင်း မလုပ်သူမျိုးဖြစ်နေတတ်သည်။သြ၀ါဒခံယူသူကလည်းနားရှိ၍သာ ကြားနေရသည်။ကြားသော သြ၀ါဒအတိုင်း တကယ်လက်တွေ့လုပ်နိုင်သူ မဟုတ်ဘဲဖြစ်နေတတ်သည်။
                 ယခု--သူလည်း သူမလုပ်နိုင်သည့် သြ၀ါဒတွေကို ချွေဦးမှာပေါ့၊ သြ၀ါဒပေးရတာဟာ အလွယ်ဆုံးပဲလို့ ဆိုတယ်မဟုတ်လားဟူသော အတွေးဖြင့် နဘေးမှ မိတ်ဆွေဖြစ်သူနှင့် ရောက်တက်ရာရာ စကားပြောဖို့ အစရှာနေမိပါသည်။ စကားစရ၍ စကားပြောတော့ မည်အလုပ်၌ အာရုံက သူ့ထံရောက်သွားသည်၊ သူ့စကားကို စိတ်ဝင်စားသလို ဖြစ်သွားသည်။
                  သူကသြ၀ါဒမချွေမီ အဖြစ်အပျက်ကလေးတစ်ခုကို ဦးစွာပြောပါသည်၊ မှတ်မိသမျှမှာ အောက်ပါအတိုင်းဖြစ်ပါသည်


Saturday, July 21, 2012

လျှောက် (နန္ဒာသိန်းဇံ)

လျှောက်

(၁)
အဲဒီညနေက
လျှောက်လာခဲ့တယ် ..
ဧရာဝတီမြစ်နဒီရဲ့ကမ်းပေါ်က သစ်ပင်တန်းကို ဖြတ်သန်းတိုးဝင်လာတဲ့ လေပြေထဲမှာ တမာနံ့တွေ သင်းပျံ့လာတာကို သတိထားမိပါတယ်။ ပြီးတော့ .. သူပြောတာကိုလဲ အမှတ်ရလာပါတယ်။ သူက ကဗျာပညာရှင်ဆိုတော့ ပြောပုံက
`သူ ..
လျှောက်လာခဲ့တယ်´တဲ့။
ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ
နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ်
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး ..
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော် .. ဘယ်ကိုများ ရောက်ပါလိမ့် ၊ ရောက်မှာပါလိမ့် ..
လို့တွေးရင်းတွေးရင်း
မရေမရာ ဇဝေဇ၀ါနဲ့ သွားရမည့်ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ်တဲ့ ..
အဲဒီတုန်းကလဲ သူ့ကိုပြောဖူးပါတယ်
ဘယ်ရောက်လဲသိအောင် .. ဆက်လျှောက်လို့
ဆက်လျှောက်လိုက်ကြည့်လိုက်ပါလား …လို့ ။´
ဧရာဝတီရဲ့သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ် ..

ကံကိုယုံ၍ ဆူးပုံမနင်းရာ (နန္ဒသိန်းဇံ)

   ကျွန်တော် ...စိတ်ထဲ ရှုပ်ထွေးလာ သလို ဖြစ်လာတာနဲ့ လက်လှမ်းမီရာ စာအုပ် တစ်အုပ် ယူ၍ ဖတ်မိလိုက်ပါတယ်..လက်ထဲရောက်လာတဲ့ စာအုပ်က ဆရာနန္ဒသိန်းဇံ ရဲ့ တွေးချိန်ချင့်စရာ..ဆိုတဲ့ စာအုပ်ဖြစ်နေခဲ့ပါတယ်...ဒီစာအုပ်က ကျွန်တော် အကြိုက်ဆုံး ထဲ က တစ်အုပ်ပါပဲ...စာပေဟာ ကျွန်တော့ အတွက်တော့ စိတ်ဓါတ်ခွန်းအားတွေအများကြီးပေးနိုင်စွမ်းရှိပါတယ်...

ကံကိုယုံ၍ ဆူးပုံမနင်းရာ

ဘက္ကဒက်မြို့နေ ကုန်သည်ကြီးတစ်ဦးက သူ၏ အစေခံကို ဈေးသို့ ဈေးဝယ်လွှတ်လိုက်သည်. . မကြာခင်ပင် အစေခံက မျက်နှာဖြူပတ်ဖြူလျော်ဖြင့် ပြန်ရောက်လာသည်.
ကြောက်ရွံ့ထိတ်လန့်နေသော အစေခံက ကုန်သည်ကြီးကို "သခင် . . ကျွန်တော် ဈေးထဲရောက်တော့ လူအုပ်ထဲမှာ အမျိုးသမီး တစ်ဦးကို ၀င်တိုက်မိတယ် . . . လှည့်ကြည့်လိုက်တော့ သေမင်းဖြစ်နေတာကို တွေ့ရပါတယ်. . . သူနဲ့ ရင်ဆိုင်တွေ့ရမှာကို ကြောက်လှပါတယ် သူနဲ့ ဝေးရာကို ပြေးသွား ပုန်းအောင်းနေချင်ပါတယ်. . ကျွန်တော့ ကို သခင်ရဲ့ အပြေးကောင်းတဲ့ မြင်းတစ်ကောင်ကို ငှားပါခင်ဗျာ၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုး . . . . အဝေးကြီးမှာ ရှိတဲ့ ဆမ်မာရာကို ပြေးပါ့မယ်. . . . " ဟုပြောသည်.
ကုန်သည်ကြီးက အပြေးအမြန်ဆုံးမြင်းကို သူ့ အစေခံကို ပေးလိုက်လေသည်. . မြင်းရလျှင် ရချင်း အစေခံသည် မြင်းပေါ်သို့တက်၍ အပြင်းစိုင်းသွားလေသည်. . .