အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Saturday, April 21, 2012

ဝိပဿနာအကြောင်း အနည်းငယ်

           မိတ်ဆွေဟာ ဗုဒ္ဓဘာသာ ၀င်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တော့ သိထားသင့်ပါတယ်....ကျွန်တော်စိတ်မှာ  ယူဆချက်တစ်ခုတော့ ရှိပါတယ်..ဘာသာရေး (ဘယ်ဘာသာဝင်မဆို) ဟာ လုပ်ရင် လုပ်သလောက် အကျိုးဖြစ်စေပါတယ်..ကျွန်တော့ ကိုယ်တွေ့လည်း ကြုံခဲ့ ဘူးပါသည်။ ဘာသာရေး လုပ်တော့ မယ်ဆိုရင်တော့ ကိုယ်ကျိုး ကို မကြည့်ပဲ လုပ်တာဟာ အကောင်းဆုံးဖြစ်ပါတယ်....ကျွန်တော့မိတ်ဆွေများလည်းလေ့လာပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်....ကျေးဇူး အထူးပင်တင်မိပါသည်။

ဝိပဿနာဆိုတာက ၀ိ (= အထူး)၊ ပဿနာ (= ရှုပွားခြင်း) လို့ ဆိုပါတယ်။ ရုပ်နဲ့နာမ်တို့ရဲ့ အဖြစ်အပျက်ကို သတိကပ်ပြီးစောင့်ကြည့်တာကို ခေါ်တာပါ။ ၀ိပဿနာကျင့်စဉ်ဟာ နှစ်ပေါင်း ၂,၅၀၀ ကျော် သက်တမ်းရှိပြီး ထေရ၀ါဒဗုဒ္ဓဘာသာဝင် သံဃာတော်အစဉ်အဆက်က လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြတာ ဒီနေ့ထက်ထိတိုင်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပုဂံခေတ်ကစပြီး ဗုဒ္ဓသာသနာထွန်းကားတယ် ဆိုပေမယ့် သမိုင်းတလျှောက် ၀ိပဿနာတရားအားထုတ်တာ ခေတ်စားတယ်လို့မတွေ့ရဘဲ ပရိယတ္တိလို့ခေါ်တဲ့ စာပေလေ့လာသင်ယူမှုတွေသာ ရဟန်း ရှင် လူတွေကြားမှာ ပိုပြီး ခေတ်စားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၀ိပဿနာတရား ဖြစ်ထွန်းစည်ပင်လာတာဟာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားတဲ့ အချိန်တစ်ဝိုက်မှာ စတင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်မှာ သူရဟန်းဝတ်စဉ်က စစ်ကိုင်းချောင်မှာ တရားအားထုတ်ခဲ့တဲ့ အတွေ့အကြုံတွေကို ရေးပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၀ိပဿနာတစ်ခေတ်ရယ်လို့ ဖြစ်လာတာ လယ်တီဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးလို့ ပြောရမှာပါ။ လယ်တီဆရာတော်ကြီးဟာ စာပေပိဋကတ်အရာမှာ
ကျွမ်းကျင်တတ်မြောက်လွန်းလို့ ဗြိတိသျှကိုလိုနီအစိုးရကတောင် စာပေပါရဂူဘွဲ့ (D. Lit) ချီးမြှင့်ရတဲ့အထိပါပဲ။
ဆရာတော်ဟာ ဗုဒ္ဓစာပေဆိုင်ရာ ကျမ်းအစောင်စောင် ရေးသားခဲ့ရုံသာမက ၀ိပဿနာတရားကိုလည်း ပေါက်ပေါက်မြောက်မြောက် အားထုတ်ခဲ့တယ်လို့ သိရပါတယ်။ လယ်တီဆရာတော်ကြီးဟာ ရဟန္တာဟုတ်မဟုတ် အတိအကျ မသိရပေမယ့် ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်တယ်ဆိုတာကတော့ အမှန်ပါပဲ။ (အကျယ်သိလိုပါက ဓမ္မာစရိယဦးဌေးလှိုင်ရေး ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာအုပ်တွင်ရှုပါ။) လယ်တီဆရာတော်ရဲ့ တပည့်ကတော့ အနာဂါမ်ဆရာသက်ကြီးလို့ လူသိများတဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီးတော့ ဆရာသက်ကြီးရဲ့တပည့်တစ်ဦးကတော့ ဒီကနေ့ ကမ္ဘာလှည့်ဝိပဿနာ တရားပြဆရာ ဦးဂိုအင်ကာရဲ့ဆရာဖြစ်လာမယ့် ဆရာကြီးဦးဘခင်ပဲ ဖြစ်ပါတယ်။ ‘အနာဂါမ်ဆရာသက်ကြီးနည်း’ ရယ်လို့ လူသိများကြတဲ့ ၀ိပဿနာရှုနည်းဟာ တကယ်တော့ လယ်တီဆရာတော်ကြီးထံမှာ မြစ်ဖျားခံတာဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ မိုးကုတ်နည်း၊ မဟာစည်နည်း၊ စွန်းလွန်းနည်း၊ ဆရာသက်ကြီးနည်း စသည်ဖြင့် သူ့နည်း၊ သူ့ဆရာစဉ်၊ သမားစဉ်နဲ့သူ အားထုတ်နေကြလို့ ၀ိပဿနာ အမျိုးမျိုးရှိတာတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ၀ိပဿနာဟာ တစ်ခုတည်းရှိတာပါ။ ဒါပေမယ့် ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ကွာသွားတာကြောင့် ခုလို “နည်း” တွေ တစ်ခုထက်မက ဖြစ်နေရတာပါ။ ဒါပေမယ့်လည်း အနှစ်ချုပ်ကြည့်ရင် သဘောတရားကတော့ အတူတူပါပဲ။ အားလုံးဟာ ခန္ဓာ့ဖြစ်ပျက်ကို မြင်အောင်ရှုတဲ့နေရာမှာတော့ ဘုရားဟောခဲ့တဲ့ အာဘော်အတိုင်းပါပဲ။
ဝိပဿနာကျင့်စဉ်ကို အတိုချုံးပြောရမယ်ရင် အဆင့်သုံးဆင့်ရှိတယ်လို့ အလွယ်နည်းမှတ်ရပါမယ်။ ဖြစ်ပျက်မြင်တဲ့အဆင့်၊ ဖြစ်ပျက်မုန်းတဲ့အဆင့်၊ ဖြစ်ပျက်ဆုံးတဲ့အဆင့်ရယ်လို့ပါ။ စအားထုတ်ခါစမှာ ယောဂီဟာ ကမ္မဋ္ဌာန်း (၄၀) ထဲက သင့်လျော်ရာနည်းတစ်နည်းနည်းနဲ့ သမာဓိကို အရင်ထူထောင်ရပါတယ်။ မြန်မာနိုင်ငံမှာတော့ အာနာပါနလို့ခေါ်တဲ့ နှာသီးဖျားမှာ ၀င်လေထွက်လေကိုမှတ်တဲ့နည်းနဲ့ ၀မ်းဗိုက်မှာ ဖောင်းချည်ပိန်ချည်ဖြစ်တာကို မှတ်တဲ့နည်း နှစ်နည်းကတော့ အထင်ရှားဆုံးပါပဲ။ ဘယ်နည်းနဲ့ပဲမှတ်မှတ် ရည်ရွယ်ချက်ကတော့ စိတ်တည်ငြိမ်မှု (သမာဓိ) ရဖို့ ဖြစ်တာမို့ ဘယ်နည်းကအမှန်ရယ်လို့ မစွဲသင့်ဘဲ ကိုယ်အားသန်တဲ့နည်းနဲ့ မှတ်သင့်ပါတယ်။
သမာဓိရလာပြီဆိုရင် ယောဂီဟာ ရုပ်သဘော နာမ်သဘောတွေကိုမြင်တယ်။ နောက်… ရုပ်တွေ နာမ်တွေရဲ့မမြဲတဲ့သဘောကို မြင်ပါတယ်။ ဒါ ၀ိပဿနာရဲ့အစပါ။ ဒါကို ဉာဏ်စဉ်အရ ဥဒယဗ္ဗယဉာဏ် (ဖြစ်ပျက်ကိုမြင်တဲ့ဉာဏ်) လို့ ခေါ်ပါတယ်။ ဆက်ပြီး အားထုတ်တော့ ယောဂီဟာ ရုပ်၊ နာမ် တို့ရဲ့ အမြဲမပျက် ဖြစ်ပျက်နေတဲ့သဘောကိုချည်း မုန်းလောက်အောင် မြင်နေရတာမို့ ဖြစ်ပျက်အပေါ်ငြီးငွေ့တဲ့စိတ်၊ ဖြစ်ပျက်ကနေ လွတ်မြောက်ချင်တဲ့စိတ် ဖြစ်ပါတယ်။ ဉာဏ်စဉ်အရ ဒါတွေဟာ ဘင်္ဂ၊ ဘယ၊ အာဒီန၀၊ နိဗ္ဗိဒါ၊ မုစ္စိတုကမျတာ ဉာဏ်တွေပဲဖြစ်ပါတယ်။
ဖြစ်ပျက်ကို မြင်ဖန်များလို့ ငြီးငွေ့နေတဲ့၊ လွတ်မြောက်ချင်တဲ့ယောဂီဟာ သူ့ကိုယ်သူ ပြန်ထိန်းမတ်ပြီးတဲ့အခါမှာ သင်္ခါရုပေက္ခာ လို့ ခေါ်တဲ့ ရုပ်နာမ်အဖြစ်အပျက်အပေါ် မချစ်၊ မမုန်း အလယ်အလတ်စိတ်မျိုးနဲ့ပဲ ရှုကြည့်ပါတော့တယ်။ အဲဒီလိုကြည့်နေရင်းနဲ့ပဲ ရုပ်နာမ်အဖြစ်အပျက်တို့ရဲ့ အလွန်၊ ရုပ်နာမ်အဖြစ်အပျက်တို့ရဲ့ဆန့်ကျင်ဘက် ရုပ်နာမ်အဖြစ်အပျက်တို့ ကုန်ဆုံးသဘော၊ ချုပ်ငြိမ်းသဘောကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။ ဖျတ်ခနဲလို့ဆိုတဲ့အတိုင်း တကယ့်ကို လက်ဖျစ်တစ်တွက်၊ လျှပ်တစ်ပြက်လောက်ပဲ ကြာတဲ့ အချိန်ပိုင်းလေးအတွင်းမှာပါ။ ဒါပေမဲ့ ဒီအချိန်တိုလေးအတွင်းဟာ ယောဂီအတွက်တော့ တစ်ဘ၀စာပါပဲ။ တစ်သံသရာစာပါပဲ။ အကျိုးကျေးဇူးကလည်း ပြောပြလို့မရအောင် များပါသတဲ့။
အဲဒီလိုမျိုး ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးဆိုတဲ့ အဆင့်သုံးဆင့်ကို ဖြတ်သန်းသွားပြီးတဲ့ယောဂီဟာ – သိ၊ ပယ်၊ ဆိုက်၊ ပွား ဆိုတဲ့ ကိစ္စလေးရပ် တစ်ပြိုက်နက်တည်း ပြီးပါတယ်။
(၁) “သိ” – ဆိုတာက သိရမယ့်တရားကိုသိခြင်း။ သိရမယ့်တရားဆိုတာကတော့ သစ္စာလေးပါးမှာ ပထမသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာကို သိခြင်းပါ။ ဖြစ်ပျက်ကုန်ဆုံးခြင်းရဲ့ ချမ်းသာသုခသဘောကို မြင်လိုက်သည့်ခဏ ယောဂီဟာ ချမ်းသာခြင်းရဲ့ဆန့်ကျင်ဘက် ဆင်းရဲခြင်းဒုက္ခကိုပါ တစ်ခါတည်း သဘောပေါက် သွားပါတယ်။ ဥပမာပေးရရင် တစ်သက်လုံး ကိုယ့်အပေါ်လိမ်ညာလှည့်ဖြားလာခဲ့တဲ့လူအကြောင်းကို အဲဒီလူရဲ့ဆန့်ကျင်ဘက် ကိုယ့်အပေါ် မှန်ကန်ဖြောင့်မတ်သူနဲ့တွေ့တဲ့ခဏ စောစောကလူရဲ့ အလိမ်အညာတွေ ကိုယ်တိုင်သဘောပေါက်သွားတဲ့ သဘောပါပဲ။ ကိုယ်တစ်သက်လုံး ချမ်းသာတယ်လို့ ထင်ခဲ့တဲ့ ဒီဘ၀ခန္ဓာကြီးဟာ တကယ်တော့ ဆင်းရဲတုံးကြီးပါလားလို့ သဘောပေါက်သွား ပါတယ်။ ခန္ဓာရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ခန္ဓာချုပ်ငြိမ်းတဲ့သဘောကို မြင်တဲ့ခဏမှာပါ။
(၂) “ပယ်” – ပယ်ရမယ့်တရားကိုပယ်ခြင်း။ ပယ်ရမယ့်တရားဆိုတာကတော့ ဒုတိယသစ္စာဖြစ်တဲ့ သမုဒယသစ္စာကို ပယ်သတ်ခြင်းကို ခေါ်တာပါ။ ခန္ဓာဆိုတာ ဆင်းရဲတယ်လို့ သိလိုက်တဲ့ခဏမှာ အဲဒီခန္ဓာအပေါ် တွယ်တာတဲ့ တပ်မက်တဲ့စိတ်ကို ပယ်သတ်ပြီးသား ဖြစ်သွားပါတယ်။ ဥပမာ – ကိုယ့်အပေါ်တစ်သက်လုံး လိမ်ညာခဲ့တဲ့လူတစ်ယောက်အပေါ် သူ လိမ်ညာမှန်းမသိလို့ သူ့အပေါ်ချစ်နေခဲ့ရာကနေ သူ့အလိမ်တွေလည်းပေါ်ရော ထိုလူအပေါ် စိတ်ကုန်သွားသလိုပါပဲ။ ခန္ဓာကြီးဟာ တစ်ကယ်တော့ ဖြစ်လိုက်ပျက်လိုက်နဲ့ အမြဲနှိပ်စက်တတ်တဲ့သဘောသာ ရှိပါလားလို့လည်း မြင်ရော သူ့အပေါ် တွယ်တာတပ်မက်တဲ့စိတ်တွေ ကုန်ဆုံးသွားတာပါ။
(၃) “ဆိုက်” – ဆိုက်ရောက်ရမယ့်တရားသို့ ဆိုက်ရောက်ခြင်း။ ဆိုက်ရောက်ရမယ့်တရားဆိုတာကတော့ တတိယသစ္စာဖြစ်တဲ့ နိရောဓသစ္စာဆိုတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ဆိုက်ရောက်တာပါ။ အထက်က ဆိုခဲ့တဲ့အတိုင်း ယောဂီဟာ ဖြစ်ပျက်ကို မြင်နေရင်းနဲ့ ဖြစ်ပျက်ရဲ့အလွန်မှာ ဖြစ်ပျက်ကုန်တဲ့သဘောရှိပါသေးလားလို့ မြင်သွားပြီး ဖြစ်ပျက်တို့ကုန်ဆုံးခြင်းရဲ့ ချမ်းသာသုခသဘောကို မျက်ဝါးထင်ထင်ခံစားသိရှိလိုက်ရပါတယ်။ ဒါကိုပဲ မဂ်ဆိုက်တယ်၊ ဖိုလ်ဆိုက်တယ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်လို့ ခေါ်ပါသေးတယ်။ ဥပမာ ကိုယ့်ကိုလိမ်ညာပြီး ဒုက္ခပေးနေခဲ့တဲ့လူရဲ့အကြောင်း သိလိုက်တာနဲ့တစ်ပြိုက်နည်တည်း အဲဒီလူရဲ့အလိမ်အညာကို ထပ်မခံရတော့ပြီမို့ သူပေးတဲ့ဒုက္ခတွေကနေပါ တစ်ပါတည်း လွတ်မြောက်သွားသလိုမျိုးပါပဲ။ အဲဒီလို လွတ်မြောက်ခြင်းရှိတဲ့ နိဗ္ဗာန်သဘောကို မိမိရဲ့ဉာဏ်ကဆိုက်ရောက်သွားတာကို ခေါ်တာပါ။
(၄) “ပွား” – ပွားရမည့်တရားတို့ကို ပွားများခြင်း။ ပွားရမည့်တရားဆိုတာက မဂ္ဂင်ရှစ်ပါးကို ပွားများတာကို ခေါ်တာပါ။ မဂ္ဂင်ရှစ်ပါးကို သီလမဂ္ဂင်သုံးပါး၊ သမာဓိမဂ္ဂင်သုံးပါး၊ ပညာမဂ္ဂင် နှစ်ပါးဆိုပြီး အုပ်စုသုံးစု ပြန်ခွဲပါတယ်။ ယောဂီဟာ တရားအားထုတ်မယ်ဆိုရင် သီလကို အရင်လုံအောင် စောင့်ထိန်းရပါတယ်။ သီလမပြည့်စုံဘဲနဲ့ တရားအားထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အားထုတ်ဆဲ ယောဂီမှာ သီလမဂ္ဂင်သုံးပါးနဲ့ ပြည့်စုံနေပါတယ်။ (သမ္မာဝါစာ၊ သမ္မာကမ္မန္တနဲ့ သမ္မာအာဇီဝ) နောက်တစ်ခါ တရားအားထုတ်ရင်း သမာဓိရလာတဲ့အခါ သမ္မာသတိ၊ သမ္မာဝါယာမနဲ့ သမ္မာသမာဓိဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးနဲ့ ထပ်ပြည့်စုံသွားပါတယ်။ နောက်ဆုံး မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဆိုက်ေ၇ာက်တာနဲ့ သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိဆိုတဲ့ ပညာမဂ္ဂင်နှစ်ပါးနဲ့ပါ ထပ်ပြည့်စုံသွားလို့ မဂ္ဂင်ရှစ်ပါးလုံး ကုန်အောင် ပွားများပြီးသား ဖြစ်သွားပါတယ်။
ဒီ အမှုကိစ္စလေးခုကိုတော့ “သိ၊ ပယ်၊ ဆိုက်၊ ပွား၊ လေးပါးကိစ္စ အပိုင်ရ၊ မဂ်ကိစ္စပြီးတယ်” လို့ မိုးကုတ်ဆရာတော်ကြီးက မိန့်ခဲ့ပါတယ်။ သစ္စာလေးပါးဆိုတာဟာ သက်သက်ကြီး သဘောပေါက်အောင် အားထုတ်နေရတာမျိုးမဟုတ်ပါဘူး။ ၀ိပဿနာရှုပွားရင်းနဲ့ပဲ သစ္စာလေးပါးကို တစ်ပါတည်းဆိုက်သွားတဲ့သဘောပါ။ မဂ်တစ်ကြိမ်ဆိုက်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ ပုထုဇဉ်မဟုတ်တော့ဘူး။ ပုထုဇဉ်အနွယ်ပြတ်ပြီ။ အရိယာဖြစ်ပါပြီ။ မိမိရပြီးသား အဆင့်ကနေ ပြန်လျှောမကျတော့ပါဘူး။ အောက်ထစ် ငါးပါးသီလမြဲသွားပါပြီ။ အသက်နဲ့လဲပြီးတော့တောင် ငါးပါးသီလကို စောင့်မယ့်လူဖြစ်သွားပါပြီ။ ဒိဋ္ဌိဆိုတဲ့ အယူလွဲမှားခြင်း၊ ၀ိစိကိစ္ဆာဆိုတဲ့ ရတနာသုံးပါးအပေါ် ယုံမှားသံသယရှိခြင်းဆိုတဲ့ ကိလေသာ တရား (၂) ပါးကနေလည်း ထာဝရ လွတ်မြောက်သွားပါပြီ။ ထိုပုဂ္ဂိုလ်ဟာ သေသည်ရဲ့နောက် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံများသို့ မကျရောက်တော့ဘဲ လူ၊ နတ်စတဲ့ ဘုံများမှာသာ အများဆုံး ခုနစ် (၇) ဘ၀ ကျင်လည်ပြီးလျှင် ဘ၀သံသရာကနေ အပြီးတိုင်လွတ်မြောက်မှာ ဖြစ်ပါတယ်။ နိဗ္ဗာန်သို့ မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကို သောတာပန် (ရေအလျဉ်သို့ဆိုက်သူ) လို့ခေါ်ပါတယ်။ အောက်ထစ် သောတာပန်ဖြစ်မှသာလျှင် ဘ၀သံသရာအတွက် စိတ်အေးရမှာ ဖြစ်တာမို့ ဆရာတော်များက ဒီဘ၀မှာ တစ်မဂ်တစ်ဖိုလ်တော့ ရအောင် အားထုတ်ကြပါလို့ မိန့်ကြတာဖြစ်ပါတယ်။ သောတာပန်ဟာ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို အသက်နဲ့လဲပြီး စောင့်ထိန်းတဲ့သူဖြစ်တာမို့ သောတာပန်ကိုသာ တကယ့်ဗုဒ္ဓဘာသာအစစ် လို့ ခေါ်ပါတယ်။
(မှတ်ချက်။ သောတာပန်၏အထက်မှာ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာဆိုပြီး သုံးဆင့်ရှိပါသေးတယ်။ သောတာပန်ဖြစ်ဖို့က ပထမ အရေးကြီးဆုံး ဖြစ်ပါတယ်။ သောတာပန်ဖြစ်ပြီးသူဟာ ဆက်လက်ပြီး ၀ိပဿနာအားထုတ်လို့ရှိရင် အထက်အဆင့်တွေရဖို့ အတော်လွယ်သွားပြီ ဖြစ်ပါတယ်။)

No comments:

Post a Comment

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...