မှန်သောစကားကို ဆိုခြင်း
တစ်ခါတုန်းက ဆိတ်တစ်ကောင်ဟာ အဖော်တွေနဲ့ကွဲပြီး ကျန်ခဲ့ရှာပါတယ်။ အဖော်တွေနောက်ကို လိုက်မယ်လဲ လုပ်ရော သူ့ရှေ့မှာ ကျားသစ်တစ်ကောင် သူ့ကို စားဖို့ စောင့်နေတာ တွေ့ရတယ်။ ဆိတ်ဟာ ချောင်ပိတ်မိနေတော့ ပြန်လှည့်ပြီး ပြေးဖို့ မတက်နိုင်ဘူးဖြစ်နေတယ်။
ကျားသစ်ကို သာသာယာယာ တောင်းပန်စကား ဆိုရင်း အသက်ဘေးက လွတ်လေမလားလို့ ဆိတ်ကတွေးပြီး
"ဦးရီး . . ဦးရီး ကို အမေက နေကောင်းရဲ့လား ၊ ကျန်းမာရဲ့လား လို့မေးလိုက်ပါသေးတယ်။ ကျွန်တော့အမေက ဦးရီးကို အင်မတန် ကျန်းမာချမ်းသာစွာနဲ့ရှိနေတာကို မြင်ချင်နေသူပါ ။ကျွန်တော်ကလဲ ဦးရီးကို ကိုယ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံတာကို မြင်ချင်ပါတယ်" လို့ ဆိုတယ်။
ဒီလိုဆိုတဲ့စကားကို ကြားရတဲ့အခါမှာ ကျားသစ်က "အင်း ဒီဆိတ်က ငါ့ကို ဦးရီးတဲ့ ၊ ငါ့ကို အချိုသတ်ပြီး လှည့်စားနေပြီ " ဒီလိုတွေးပြီးတော့ . . .
"ဘာအခုမှ ငါ့ကို ဦးရီးလဲ ၊ ငါ့အမြီးကို စောစောက နင် တက်နင်းသွားတယ် ။ ဘယ်လောက် ငါ့မှာခံလိုက်ရတယ်မှတ်လဲ။ ခုမှ ငါ့ကို ဦးရီး ၊ ဘာညာနဲ့ မျက်နှာချိုသွေးမနေနဲ့ ၊သေပြီသာမှတ် " လို့ ကျားသစ်က ဆိတ်ကိုသက်သက်မဲ့ အပြစ်ရှာစကားဆိုတယ်။ ဒီလို အပြစ်ရှာ စကားဆိုတော့ ဆိတ်က
"ဦးရီး . . . ဦးရီး ဒီလိုမပြောပါနဲ့ ၊ ဦးရီးက အရှေ့ဘက်ကို မျက်နှာပြုပြီးနေတယ် ၊ ကျွန်တော်က ဦးရီးရှေ့က လာတာ ၊ ကျွန်တော် ဘယ်လိုလုပ်ပြီး ဦးရီးအမြီးကို နင်းမိမှာလဲ" လို့ ပြောတော့ ကျားသစ်က . . .
"ဟဲ့ ဆိတ်ရဲ့ . . နင် မသိသား ဆိုးရွားလိုက်တာ . . ငါ့အမြီးဟာ တစ်တောလုံး မရောက်တဲ့ နေရာမရှိဘူး ။ ငါ့အမြီး ရှည်ကြောင်းနင်မသိသေးဘဲကိုး ။ ဒီတော့ နင်ဘယ်ကလာလာ ငါ့အမြီးကို နင်းမိမှာပဲ" ကျားသစ်ဟာ မဟုတ်တာတွေကို တမင်လုပ်ကြံပြီးပြောနေပြီ။ ငါလဲမဟုတ်တာ ပြောမှပဲလို့ တွေးပြီး ဆိတ်က. . . .
"ဦးရီး . . ကျားသစ်ရဲ့ အမြီးဟာ သိပ်ရှည်တယ်ဆိုတာကို ကျွန်တော့ အဖေ အမေတို့ ပြောတာကို ကြားဖူးပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ဒီနေရာကို ကျားသစ်အမြီးက လွတ်အောင် ကောင်းကင်ကနေ လာခဲ့တာပါ " လို့ပြောတယ်။
ဒီလိုပြောတော့လဲ အပြစ်က ဘယ်လွတ်မလဲ ၊ တမင်အပြစ်ရှာနေတဲ့ ကျားသစ်ဆိုတော့ . . . .
"သြော် . . ဒါကြောင့်ကိုး ၊ နင် ကောင်းကင်ကနေလာတာ မြင်လို့ ငါစားရမယ့် သားကောင်တွေဟာ လန့်ဖျပ်ပြီး ထွက်ပြေးကုန်ကြတယ် ၊ တကယ်တော့ နင်ဟာ ငါ့အစာကို ဖျက်ဆီးသူပဲ " လို့ ပြောပြီး ဆိတ်ကို ဖမ်းတယ် ။ ဆိတ်ကအသက်ချမ်းသာ ပေးပါလို့တောင်းပန် မြည်တမ်းနေစဉ်မှာပဲ ကျားသစ်ဟာ ဆိတ်ရဲ့ လည်ကုပ်ကို ကိုက်သတ်ဝါးစားတယ်။
တမင်အပြစ်ရှာနေတဲ့ သူကို ဘယ်လိုစကားမျိုးပဲပြောပြော အပြစ်လွတ်မှာ မဟုတ်ပါဘူး။
နန္ဒသိန်းဇံ
ရှယ်သွားပြီ
ReplyDelete