လျှောက်
(၁)
အဲဒီညနေကလျှောက်လာခဲ့တယ် ..
ဧရာဝတီမြစ်နဒီရဲ့ကမ်းပေါ်က သစ်ပင်တန်းကို ဖြတ်သန်းတိုးဝင်လာတဲ့ လေပြေထဲမှာ တမာနံ့တွေ သင်းပျံ့လာတာကို သတိထားမိပါတယ်။ ပြီးတော့ .. သူပြောတာကိုလဲ အမှတ်ရလာပါတယ်။ သူက ကဗျာပညာရှင်ဆိုတော့ ပြောပုံက
`သူ ..
လျှောက်လာခဲ့တယ်´တဲ့။
ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ
နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ်
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး ..
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော် .. ဘယ်ကိုများ ရောက်ပါလိမ့် ၊ ရောက်မှာပါလိမ့် ..
လို့တွေးရင်းတွေးရင်း
မရေမရာ ဇဝေဇ၀ါနဲ့ သွားရမည့်ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ်တဲ့ ..
အဲဒီတုန်းကလဲ သူ့ကိုပြောဖူးပါတယ်
ဘယ်ရောက်လဲသိအောင် .. ဆက်လျှောက်လို့
ဆက်လျှောက်လိုက်ကြည့်လိုက်ပါလား …လို့ ။´
ဧရာဝတီရဲ့သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ် ..
ကိုယ့်ကိုအမြဲလိုလို စီးလိုက်နေတယ်လို့ထင်ရတဲ့ ဖိနပ်ကို ချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။ နင်းလျှောက်မိတဲ့ သဲကလေးတွေဟာ နူးညံ့ပါတယ်။ ညက်ညောပါတယ်။ ပြန်တက်လာတဲ့ လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့တော့လဲ အေးမြပါတယ်။
လှိုင်းကလေးတွေလာပြီး
ခတ်ပေမယ့် သဲသောင်ယံဟာ ဘာမှဖြစ်ပေါ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ
လာခတ်တာကသိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် . သိတယ်ဟုတ်။
ဘ၀ခရီးတစ်နေရာရာမှာ ရင်ထဲမှာ သမုဒယလှိုင်းကလေးတွေ ထိခတ်လာပြီဆိုရင်
အဲဒီသမုဒယလှိုင်းကလေးတွေက နုနုလှလှ ၊ ယုယုယယရှိတယ်လို့ ထင်ရပေမယ့်
ဘ၀တစ်ခုလုံး ပြိုဆင်းကြေမွသွားနိုင်တယ်´ဆိုတဲ့ သူ့စကားကို အမှတ်ရပြန်ပါတယ်။
သူ့ကိုခတ်တဲ့လှိုင်းက သမုဒယလှိုင်း။
တခြားသူတွေကို
ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘလှိုင်းတွေ ၊ ဒေါသအာဃာတလှိုင်းတွေနဲ့
အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ …အထိအခတ်ပြင်းတဲ့
လှိုင်းမျိုးတွေဖြစ်မှာပေါ့။ ဖြစ်ချင်ဖြစ်မှာပေါ့။
(၂)
လျှောက်ရင်း လျှောက်ရင်း နောက်ကို အမှတ်မထင်လှည့်ကြည့်လိုက်မိတယ်။
`ထိတ်´ခနဲဖြစ်သွားတယ်။
ရင်ထဲမှာ လှိုင်းတွေ တဖျတ်ဖျတ်ခတ်နေသလို ခံစားလိုက်ရတာတော့
အမှန်ပဲ။`လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာတွေ တစ်ခုမှ မရှိတော့ပါလား။
လျှောက်ခဲ့တာအဝေးကြီး …အဝေးကြီး လျှောက်လာခဲ့တာ´ ဆိုတဲ့ အတွေးနဲ့
`လျှောက်ခဲ့မိတဲ့ ငါ့ဘ၀ခရီးက အဝေးကြီး ၊ ဒီဘ၀ခရီးရှည်ကြီးထဲမှာ ငါ့အတွက်
အမှတ်ထင်ထင်မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလား´ဆုတဲ့ အတွေးတွေ
ပေါင်းဆုံလိုက်လို့ အထိတ်တလန့်ဖြစ်သွားခဲ့တာ။ ရင်ထဲမှာ လှိုင်းတွေခတ်နေသလို
ခံစားလိုက်ရတာ .. ဟုတ်ပါတယ်။ ပြန်လှည့်ပြီး တက်လာတဲ့ ရေလှိုင်းတွေက ….
လျှောက်နင်းခဲ့တဲ့ ကိုယ့်ခြေရာတွေကို
ပျောက်ပျောက်ကုန်အောင်ဖျက်ဖျက်သွားခဲ့ကြတာကိုး။
ဒါပေမယ့်
….. ခြေရာတွေပျက်သွား ၊ ပျောက်သွားပေမယ့် လျှောက်တဲ့အထိတော့ ရောက်တာပဲ။
လျှောက်ရင်တော့ လျှောက်နိုင်သလောက် ရောက်တာပါပဲ။ ဖိနပ်က အခုမှကိုယ့်ကို
တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိထားမိတယ်။
ဒီတစ်ခါတော့
ကိုယ့်ကိုယ်ကိုပြန်ပြီးပြောရတယ်။ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး
လွမ်းမောရင်း ရပ်မနေနဲ့။ တွေဝေမနေနဲ့။ လျှောက်ရမည့်နေရာဆီကို `လျှောက် ..
ဆက်လျှောက်´လို့။ ရှေ့ကိုလှမ်းကြည့်လိုက်တော့ စွေစောင်းနေတဲ့ နေခြည်မှာ
ရွှေရည်ဝင်းနေတဲ့ မြသလွန်စေတီကို မြစ်ကမ်းပေါ်မှာ နှစ်လိုဖွယ်ရာ
ဖူးတွေ့နေရတာကို အမှတ်ရပါတယ်။
နန္ဒာသိန်းဇံ
ခင်မင်လေးစားလျက်..
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...