ဖန်တွတွ
အသစ်ရောက်လာကြသော ကျောင်းသူ ကျောင်းသားများကို သက်ဆိုင်ရာဌာနများက ကြိုဆိုပွဲ လုပ်ကြသည်။ထို့နောက် ကျောင်းတော်သူ ကျောင်းတော်သားကြီးများ ပီသအောင် မည်ကဲ့သို့ စာကြိုးစားသင့်ကြောင်း မည်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ရမည်ဖြစ်ကြောင်း အကြံပြုချက်များ သြ၀ါဒများပေးကြပါသည်။
ထို့နေ့အခမ်းအနား၌ အကြံပြုရန် သြ၀ါဒပေးရန် သူ့ အလှည့်ကျလာသောကြောင့် စကားပြောရာ စင်မြင့်သို့ သူတက်လာပါသည်။သူတက်လာပုံကိုကြည့်ရင်းက ရှေးဂရိခေတ်က ဆိုဖီဆရာကြီးတစ်ဦးအကြောင်းကို အမှတ်ရနေပါသည်.
ထိုဆိုဖီဆရာကြီးကို တစ်ဦးသောသူက.....
`ဆရာကြီးခင်ဗျား၊ လောကမှာ အခက်အခဲဆုံးပညာဟာ ဘာပါလဲ` ဟု မေးသည်၊ ထိုအခါ ဆရာကြီးက...
`မိမိကိုယ်မိမိ သိနားလည်ခြင်းဖြစ်သည်` ဟုဖြေသည်၊ ထိုအခါ မေးသူက..
`လောကမှာ အလွယ်ဆုံးပညာကတော့ ဘယ်လိုပညာများပါလဲ` ဟု ထပ်မေးသော အခါ ဆိုဖီဆရာကြီးက..
`လောကမှာ အလွယ်ဆုံးပညာဆိုတာ သြ၀ါဒပေးခြင်းဖြစ်တယ်` ဟု ဖြေလိုက်သည် ဟု ဆိုပါသည်။
သြ၀ါဒပေးရသည်မှာ လွယ်ကူသဖြင့် သြ၀ါဒတွေ တစ်ထွေးတစ်ပွေ့ပေးတက်ကြသည်။ သြ၀ါဒတွေ ပေးနေသော်လည်း သြ၀ါဒပေးသူကိုယ်တိုင်က သူ့သြ၀ါဒအတိုင်း မလုပ်သူမျိုးဖြစ်နေတတ်သည်။သြ၀ါဒခံယူသူကလည်းနားရှိ၍သာ ကြားနေရသည်။ကြားသော သြ၀ါဒအတိုင်း တကယ်လက်တွေ့လုပ်နိုင်သူ မဟုတ်ဘဲဖြစ်နေတတ်သည်။
ယခု--သူလည်း သူမလုပ်နိုင်သည့် သြ၀ါဒတွေကို ချွေဦးမှာပေါ့၊ သြ၀ါဒပေးရတာဟာ အလွယ်ဆုံးပဲလို့ ဆိုတယ်မဟုတ်လားဟူသော အတွေးဖြင့် နဘေးမှ မိတ်ဆွေဖြစ်သူနှင့် ရောက်တက်ရာရာ စကားပြောဖို့ အစရှာနေမိပါသည်။ စကားစရ၍ စကားပြောတော့ မည်အလုပ်၌ အာရုံက သူ့ထံရောက်သွားသည်၊ သူ့စကားကို စိတ်ဝင်စားသလို ဖြစ်သွားသည်။
သူကသြ၀ါဒမချွေမီ အဖြစ်အပျက်ကလေးတစ်ခုကို ဦးစွာပြောပါသည်၊ မှတ်မိသမျှမှာ အောက်ပါအတိုင်းဖြစ်ပါသည်
မြန်မာမင်းနေပြည်တော်၏ ဈေးချိုဆိုင်တန်းသို့ ရှမ်းလူမျိုးအချို့ ဈေးဝယ်ရောက်လာကြသည်။ ဈေးထဲတွင် လှည့်လည်ကြည့်ရှုဝယ်ခြမ်းရင်းမှ အုန်းသီးဆိုင်တစ်ဆိုင် သို့ သူတို့ရောက်လာကြသည်။သူတို့တောင်ပေါ်ရပ်၌ အုန်းပင်မရှိ၍ အုန်းသီးများကို မြင်သောအခါ အထူးအဆန်းဖြစ်နေကြသည်။ သူတို့က ဆိုင်ရှင်ကို `ဘာသီးခေါ်သလဲ` ဟုမေးကြသည်။ဆိုင်ရှင်က `အလုံးကြီးကြီး ဤ အသီးကို အုန်းသီးဟု ခေါ်သည်။ ဤအုန်းသီးသည် ဘုန်းထီးသခင် ရွှေနန်းရှင်ဘုရင်မင်းတရားတို့ နှစ်ခြိုက်စွာသုံးဆောင် စားတော်မူသော အသီးဖြစ်ပါသည်` ဟုပြောသည်။ထိုအခါ ရှမ်းများက အလုံးကြီးကြီး အုန်းသီးစိမ်း တစ်လုံး ကိုဝယ်ယူ၍ ပြန်သွားကြသည်။ အပြန်လမ်းခရီး၌ပင် ရှမ်းတို့ အုန်းသီးကို ခွဲ၍ စားကြဖို့ ပြင်ဆင်ကြလေသည်။ သူတို့က အုန်းသီးကို အခြားသစ်သီးများကဲ့သို့ အပြင်ကအသားကိုစားရသည်ဟု ထင်မှတ် လျက်အုန်းသီးကို ရေဆေး၊ ထို့နောက်အုန်းသီး၏အပြင်အခွံမှေးကို ဓားဖြင့် ပါးပါးလှီးယူသည်၊ အတွင်းမှာရှိသည့် တကယ်စားရမည့် အုန်းသီးကိုတော့ အစေ့ကြီးဟုထင်လျက် လွှင့်ပစ်လိုက်ကြသည်။ ထို့နောက် လှီးထားသော အုန်းခွဲ၏ အပြင်အမြှေးများကို ကိုက်၍ ၀ါး၍ စားကြသည်။ အပြင်အမှေးကိုစားရတော့ ချဉ်သလို ချိုသလို ငန်တန်န်ဖန်တွတွနှင့် အရသာညံ့ဖျင်းသည်ကို ခံစားနေကြသည်။စားရင်း စားရင်း အရသာညံ့ဖျင်း ညံ့ဖျင်းလာသောကြောင့် ရှမ်းတို့က `အင်း မင်းသုံးဆိုလို့သာစားရ ဖန်တွတွပါပဲ` ဟုညည်းညူကြလေသည်။
အထက်ပါအဖြစ်အပျက်ကို ပြောပြပြီးနောက်သူက လေသံကို မြှင့်လျက်-----
`မောင်တို့မယ်တို့ဟာ သူတို့ဝတ်သလို လိုက်ဝတ်တယ်၊ သူတို့ဖက်ရှင်တွေကို အတုသူတယ်၊ သူတို့ဆိုသလို လိုက်ဆိုကြတယ်၊ သူတို့တီးသလို လိုက်တီးကြတယ်၊ သူတို့ရေးသလို လိုက်ရေးကြတယ်၊ ဒီလိုလုပ်တာဟာခေတ်မီတယ်၊ခေတ်ဆန်တယ်လို့လဲ ထင်နေကြတယ်၊ တခြားလိုက်တုတာတွေ၊ လိုက်လုပ်တာတွေလဲ အများကြီးပေါ့၊ ဒါပေမယ့် အမောင်တို့ အမိတို့ လိုက်မလုပ်တာတွေ လိုက်မတုတာတွေတော့ ရှိတယ်၊ ဘာတွေလဲဆိုတော့ သူတို့တတ်တဲ့ အတက်ပညာတွေ ၊ သုတေသနလုပ်ပုံတွေ၊ သူတို့သိတဲ့ နည်းပညာတွေကို လိုက်မလုပ်တာဘဲ၊ လိုက်မတုတာဘဲ၊ သူတို့ တီထွင်ဖန်တီးသလို လိုက်ပြီး တီထွင်ဖန်တီးမှု မပြုတာဘဲ၊ ဒီတော့ခုနက ပြောတဲ့ တကယ်စားသုံးရမယ့် အုန်းသီးကိုတော့ လွှင့်ပစ်ပြီးအပြင်အမြှေးကို စားသူတွေလိုပဲ၊ မောင်တို့ မယ်တို့ သုံးဆောင်နေတာတွေဟာဖန်တွတွ မဖြစ်ပါစေနဲ့လို့ သတိပေးချင်ပါတယ်` ဟု ပြောရင်းအဆုံးသတ်လိုက်ပါသည်။
လက်ခုပ်သံများ ပေါ်လာပါသည်။
သြ၀ါဒပေးအခမ်းအနား ပြီးဆုံးသောအခါ ကျွန်တော့်မိတ်ဆွေကဖန်တွတွအရသာအကြောင်း ဆက်၍အလေးအနက် ဆွေးနွေးလျက်ရှပါသည်။
နန္ဒသိန်းဇံ
ချစ်ခင်လေးစားလျက်....
ဝေလင်းကျော်
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...