ညီမလေးဖတ်ဖို့ (၂)
သို့
ညီမလေးရေ...
မိုးတွေကလည်း
အုံ့အုံ့သည်းသည်း ကောင်းကင်တခွင်လုံး မှောင်မှိုင်းညှို့လို့....။
မိုးစက်သံတွေ တဖြောက် ဖြောက်ကိုငေးရင်း ညီမလေးအတွက် စာတစ်ပုဒ်ကို
ရေးလိုက်ပါတယ် ။ တို့တွေနေထိုင်တဲ့ လောကကြီးက တခါတ ခါတော့လည်း ရီချင်စရာ
အကောင်းသားကွဲ့ ။ ဖြစ်ချင်တဲ့ ဘ၀မှာထက် ဖြစ်နေတဲ့ ဘ၀မှာပဲ အသား
ကျစီးမျောနေရသူတွေ ကိုယ်သွားချင်နေတဲ့လမ်းထက် သွားသင့်တဲ့လမ်းကို
ရွေးချယ်လိုက်ရသူတွေ အို... ဒုနဲ့ဒေးပေါ့ ။ အဲဒီလို ထော်လော်ကန့်လန့်နဲ့
ဘ၀ဆိုတဲ့ အင်္ကျီကြီး ၀တ်ပြီး ခပ်တည်တည် ချီတက်နေကြတဲ့ လူသား တွေထဲမှာ
တို့တွေလည်း အပါအ၀င်ပေါ့ ။ အခုဆို ညီမလေးဟာ အသက် ၂၀ ၀န်းကျင်ဆိုတော့ လောက
ကြီးအကြောင်း ဘာမှမသိသေးတဲ့ သူငယ်နှပ်စားလေး တယောက်မဟုတ်သလို
လောကကြီးအကြောင်း နောကြေ အောင်သိတဲ့ လူကြီး တစ်ယောက်လည်း မဟုတ်ပြန်ဘူး ။
ဒါပေမယ့် ဒီအရွယ်ဆိုတာ လောကမှာ ဘယ်လို ခံယူချက်တွေကို လိုက်နာ
ကျင့်သုံးရမလည်းဆိုတဲ့အတွေးတော့ စပြီးကိန်းဝပ်နေသင့်ပြီပေါ့ ။
လောကကြီး
ဟာ တကယ်တော့ ပဉ္စလက်ဆန်တယ် ညီမလေးရေ ။ မျက်လှည့်ပြတာလည်း သိပ်ကို
ကျွမ်းကျင်ပေါ့ ။ တခဏလေးအတွင်းမှာပဲ အရမ်းချမ်းသာတဲ့ လူတစ်ယောက်ကို
ဝုန်းကနဲ ဆင်းရဲသား လေး ဖြစ်အောင် ဆင်းရဲသားလေးတစ်ယောက်ကို ၀ုန်းကနဲ
ချမ်းသာသွားအောင် ကျန်းမာနေတဲ့ လူတစ်ယောက်ကို စက္ကန့်ပိုင်း အတွင်း ရောဂါတွေ
ဖိစီးလာအောင် သူကစွမ်းဆောင်ပေးနိုင်တယ် ညီမလေး.. ။ ဒါ့ကြောင့်
တချို့ကပြောတာပေါ့ ။ လောကကို အရွဲ့မတိုက်နဲ့ လောကအမှန်တရားဆိုတာ ရှိတယ်တဲ့ ။
စိတ်ထားကောင်းပြီး ခံယူချက်မှန်တဲ့ လူကို လောကတရားက
စောင့်ရှောက်လေ့ရှိသလို စိတ်ထားယုတ်ညံ့ပြီး ခံယူချက်မမှန်တဲ့ လူကို
လောကတရားက ဒါဏ်ခတ်လေ့ရှိတယ် ။ အဲဒီသဘောတရားနဲ့ ပတ်သတ်ပြီး ညီမလေးကို
အကိုဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ် ။ နား မျက်စိနဲ့
ခံစားတာထက် နှလုံးသားနဲ့ ခံစားပေးပါညီမလေး ။
ဟိုး တချိန်တုန်းကပေါ့
... မြို့လေးတစ်မြို့ ရှိသတဲ့ ။ အဲဒီမြို့လေးမှာ ဆေးရုံ ဆေးခန်း ကစားကွင်း
ပန်းခြံနဲ့ နေချင့် စဖွယ် ကောင်းတဲ့ မြို့လေးတစ်မြို့ ဖြစ်တာကြောင့်
စဉ်ဆက်မပြတ် စည်ကားလျှက်ရှိတာပေါ့ ။ ဒါပေမယ့် အဲဒီမြို့ က လူတွေဟာ မြို့ရဲ့
အနောက်ဖက် ကိုတော့ ယောင်လို့တောင် မသွားကြပါဘူး ။ ဒါကြောင့် မြို့လေးရဲ့
အနောက် ဖက်ပိုင်းဟာ တိတ်ဆိတ် ခြောက်ကပ်နေတာပေါ့ ။ အကြောင်းရင်းကတော့
အဲဒီမြို့လေး ရဲ့အ နောက်ဖက်မှာ လူ့လောကရဲ့ နောက်ဆုံးနေ၀င်ချိန်တွေ ၊
မျှော်လင့်ချက် ကင်းမဲ့နေတဲ့ လူသားတွေ သေမယ့် ရက်ကို စောင့်စားနေရတဲ့
လူနာတွေ( ဥပမာ ကင်ဆာရောဂါ ခံစားနေရပြီး နောက်ဆုံး အချိန်ရောက်နေတဲ့သူ )
တွေကို သီးသန့်ထားတဲ့ ဆေးရုံတစ်ရုံ ရှိတယ်တဲ့ ။ အဲဒီဆေးရုံမှာ လူနာ ၁၀
ယောက်လောက်ရှိသတဲ့ ။ သူတို့တွေရဲ့ မျက်နှာဟာ အစဉ်သဖြင့်
ညှိုးနွမ်းနေတတ်ပြီး မျက်နှာမှာ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ပူဆွေး
သောကရောက်ခြင်း စတဲ့ ခံစားချက်တွေ မရှိတော့ပဲ စက်ရုပ်တွေလို အချိန်တန်စား ၊
အချိန်တန်အိပ်နဲ့ သေမယ့် ရက်ကို စောင့်စားကြတယ်တဲ့ ။
အဲဒီ ၁၀
ယောက်ထဲမှာ ထူးခြားတာက ၂ ယောက်က အခြားလူနာတွေနဲ့ မတူဘူး ။ သူတို့ ၂ ယောက်က
အချင်းချင်း စကားတွေပြောလိုက် ရယ်လိုက်မောလိုက်နနဲ့ တခါတခါ သူတို့ဟာ ဘ၀ရဲ့
နောက်ဆုံး အချိန်တွေကို ဖြတ် ကျော်နေတဲ့ လူတွေပါလားဆိုတာကိုတောင်
မေ့နေကြသတဲ့ ။ သူတို့ ၂ယောက်ဟာ အခန်းတစ်ခန်းထဲမှာပဲ အတူ နေကြရသတဲ့ ။
တစ်ယောက်က ပြတင်းပေါက်နားက ကုတင်မှာနေရပြီး သူက အဆုတ်ကင်ဆာကို ခံစားနေ ရတဲ့
လူပေါ့ ။ တခါတခါ အမောဖောက်လာရင် သူတို့ ၂ ယောက်ကြားက ဘဲလ်ကို နှိပ်ပြီး
ဆရာဝန်တွေကို အကြောင်းကြား အောက်ဆီဂျင်ပေးလိုက်ရင် ပြန်ပြီး သက်သာလာပါတယ် ။
နောက်တယောက်ကတော့ လူကီးမီး ယား ဆိုတဲ့ သွေးကင်ဆာ ရောဂါကို
ခံစားနေရတဲ့သူပေါ့ ။ သူကတော့ အခန်းရဲ့ အတွင်းဖက်မှာ နေရပြီး အဆုတ်ကင်ဆာ
ဖြစ်တဲ့သူနဲ့ပဲ အဖော်ပြုနေရတာပေါ့ ။
တစ်နေ့တော့ လူကီးမီးယား လူနာက ပြတင်းပေါက်နားက လူနာကိုမေးပါတယ် ။
" သူငယ်ချင်းရေ... ရာသီဥတု သာယာရဲ့လားကွာ "
" အေးကွာ ဒီနေ့တော့ ရာသီဥတုက သာယာသလားမမေးနဲ့ ကောင်းကင်ကြီးက ပြာလဲ့လို့ ငှက်လေးတွေက တိမ်တိုက် တွေကြားမှာ ဆော့ကစားနေကြတယ် "
" အဲဒီပြတင်းပေါက် ဟိုဖက်မှာ ဘာတွေရှိသလည်း သူငယ်ချင်း ငါ့ကိုပြောပြပါကွာ "
"
ဒီပြတင်းပေါက်အပြင်ဖက်မှာ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကြီးရှိတယ်
သူငယ်ချင်း အဲဒီမြက်ခင်းပေါ်မှာ အရမ်း လှပတဲ့ ပန်းဥယျာဉ်ကြီးရှိတယ်ကွ
အိုကွာ.. ကလေးတွေ ဆော့ကစားနေလိုက်ကြတာ ပျော်စရာကြီး နောက်
လိုက်ပြောင်လိုက်နဲ့ သူတို့ ရေခဲမုန့်တွေလည်း ၀ယ်စားကြတယ်ကွ ဟော..
ဒန်းတွေလည်းစီးကြတယ် ရောင်စုံ ပူပေါင်းတွေနဲ့ပေါ့ "
" ဟုတ်လား ပျော်စရာကြီး နေမှာပေါ့နော် "
" အေးပေါ့ သူငယ်ချင်းရဲ့ တို့တွေလည်း တနေ့တော့ အဲဒီကစားကွင်း ပန်းဥယျာဉ်ကြီးမှာ သွားကစားကြတာပေါ့ "
ပြန်ပြောသတဲ့ ။
အဲဒီလို
နေ့တိုင်းနေ့တိုင်း ပြတင်းပေါက်နားက လူနာကို မေး အပြင်ဖက်က
မြင်ကွင်းတွေကို စိတ်ကူးထဲမှာ ပုံဖော်ရင်း လူကီးမီးယား လူနာက တွေးသတဲ့ ။
"
အင်း ..ငါလည်းသူ့လို ပြတင်းပေါက်နားမှာ နေရရင် အပြင်ဖက်က လောကကြီးကို
နေ့တိုင်းတွေ့ခွင့်ရမှာပဲ ဒီ တော့ သူ့နေရာကိုရအောင် ငါတခုခု ကြံစည်ရမယ် "
ဆိုပြီး
စဉ်းစားသတဲ့ ။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ သူမျှော်လင့်ထားတဲ့ အချိန်ဟာ
ရောက်လာပါတော့တယ် ။ အ ဆုတ်ကင်ဆာ လူနာဟာ သွေးတွေအန်ပြီး
အသည်းအသန်အမောဖောက်ပါတော့တယ် ။ ခါတိုင်းဆို လူကီး မီးယား လူနာက
ဆရာဝန်ခေါ်တဲ့ ဘဲလ်ကို နှိပ်ပြီး အောက်ဆီဂျင်ရအောင်အကူအညီပေးလေ့ရှိတယ် ။
ဒီတခါ တော့ သူက အကြံအစည်နဲ့ဆိုတော့ လူခေါ်ဘဲလ်ကို မနှိပ်ပဲ မသိချင်ယောင်
ဆောင်နေလိုက်သတဲ့ ။ သိပ်မကြာ ခင်မှာပဲ အောက်ဆီဂျင်မရတဲ့အတွက် အဆုတ်ကင်ဆာ
လူနာဟာ ငြိမ်ကျပြီး သေဆုံးသွားပါတော့တယ် ။ အဲဒီတော့မှ လူကီးမီးယား လူနာက
ဘဲလ်ကို နှိပ်ပြီး ဆရာဝန်တွေကို အကြောင်းကြားပါတယ် ။ ဆရာဝန်
တွေရောက်လာတဲ့အခါ လူနာက အသက်မရှိတော့တဲ့အတွက် သယ်ထုတ်သွားကြပါတယ် ။ အဲဒီအခါ
လူကီးမီး ယားလူနာကတော့ သူတော့ ပြတင်းပေါက်နားက ကုတင်ကိုရပြီဆိုပြီး
ပျော်နေတာပေါ့ ။
နောက်တစ်နေ့ မနက်ရောက်တဲ့အခါ ဆေးရုံဝန်ထမ်းတွေက
လူကီးမီးယားလူနာကို ပြတင်းပေါက်နာကို ရွှေ့ပေး လိုက်သတဲ့ ။ အဲဒီအခါ သူက
ဝမ်းသာသွားပြီး အလွန်လှပတဲ့ ပြင်ပရှုခင်းတွေကို ကြည့်မယ်ဆိုပြီး
ပြတင်းပေါက် အပြင်ဖက်ကို လှမ်းကြည့်လိုက်သတဲ့ ။ မြင်လိုက်ရတဲ့
မြင်ကွင်းကြောင့် သူဟာ အရမ်းကို တုန်လှုပ်သွားပြီး အံ့သြသွားတဲ့အတွက်
ကြက်သေသေသွားမိပါတယ် ။ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ပြတင်းပေါက် အပြင်
ဖက်မှာ အုတ်နံရံကြီး တချပ်ပဲ ရှိနေလို့လေ ။ သူမျှော်လင့်ထားသလို
ပန်းဥယျာဉ်တွေ မြက်ခင်းစိမ်းတွေ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ကလေးတွေ
ရောင်စုံဘောလုံးတွေ မရှိပါဘူး ။ တဆက်တည်းမှာပဲ သူနားလည် လိုက်တာကတော့
အဆုတ်ကင်ဆာလူနာဟာ သူစိတ်ချမ်းသာဖို့အတွက် မရှိတဲ့ မြင်ကွင်းတွေကို
စိတ်ကူးနဲ့ ပုံဖော်ပြီး သူ့ကို နေ့တိုင်း ကြည်နူးပျော်ရွှင်ရအောင်
ပြောပြနေခဲ့တယ်ဆိုတာပါပဲ ။ ဘ၀မှာ နောက်ဆုံး နေ၀င်ချိန် ကို ဖြတ်သန်းနေရတဲ့
လူချင်းအတူတူ တဖက်လူ စိတ်ချမ်းသာအောင် ဝေဒနာကြားကနေ သာယာလှပတဲ့ လောကကြီး
ကို ပုံဖော်ပေးခဲ့တဲ့ အဆုတ်ကင်ဆာ လူနာကို တွေးရင်းသူဟာ အလွန်အမင်းကို
နောင်တရ သွားသတဲ့ ။ နောက်မှ သူသိရတာက အဆုတ်ကင်ဆာလူနာဟာ မျက်စိကွယ်နေတဲ့လူ
ဖြစ်တယ်ဆိုတာပါပဲ ။
" ဘုရားရေ.. ဒါ..ဒါဆို သူဟာ တချိန်လုံး
ကျွန်တော်စိတ်ချမ်းသာဖို့ အတွက် မြင်ကွင်းတွေကို ပုံဖော်ပေး ခဲ့တာပေါ့...
ဒါ..ဒါ ကို ကျွန်တော်သူ့ကို ကျွန်တော့်ရဲ့ လောဘ အတ္တတစ်ခုကြောင့်
သေစေမိခဲ့တယ် "
ဆိုပြီး အရမ်းကို ယူကြုံး မရ ဖြစ်သွားတာပေါ့ ။ ပုံပြင်လေးကတော့ ဒါပါပဲ ညီမလေးရေ....။
ဟုတ်တယ်ကွဲ့....
။ လောကကြီးမှာ တချို့လူတွေဟာ တဖက်သားရဲ့ စေတနာကို မမြင်တတ်ကြဘူး ညီမလေး
ရေ... ။ နေရာတခုရဖို့အတွက်ဆိုရင်လည်း ဘာပဲလုပ်ရလုပ်ရ ၀န်မလေးတတ်ကြဘူး
ညီမလေးရေ...။ အကိုပြော တဲ့ပုံပြင်လေးကို မှတ်ထားပြီး ညီမလေးလည်း သူတပါးကို
အနည်းဆုံးတော့ စိတ်ချမ်းသားစေနိုင်တဲ့ လူတစ် ယောက်ဖြစ်အောင်ကြိုးစားပါ ။
ဒါဆို ညီမလေးဟာ ဘ၀ရဲ့ နောက်ဆုံးနေ၀င်ချိန်ကို ရောက်ခဲ့တာတောင်မှ သန့်စင်
မွန်မြတ်နေမှာပါကွယ်...။ ကဲ.. စာလည်း အတော်လေးကို ရှည်သွားပါပြီ ။
နောက်တခါရေးမယ့် ညီမလေး ဖတ်ဖို့စာမှာတော့ လောကကြီးမှာ ညီမလေး
သိသင့်သိထိုက်တဲ့ ယောင်္ကျားတွေအကြောင်း ၊ အိမ်ထောင်ပြုခြင်းနဲ့ အချစ် ၊
အရက်သေစာနဲ့ ကိုယ်ကျင့်တရားတွေအကြောင်းကို ပြောပြပါဦးမယ် ။
ညီမလေးရေ....မိုးတွေသည်းသည်းရွာနေတဲ့ လောကကြီးထဲမှာ ညီမလေးရဲ့ ဘ၀လေး အမြဲထာဝရ ရွှင်လန်း ချမ်းမြေ့နေပါစေကွယ်...။
သက်တန့်ချို
21 June 2010
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...